ဘာသာပြောင်းရေး ဥပဒေမူကြမ်း ကို ဘာသာရေးခေါင်းဆောင် များ ပြစ်တင်

အစိုးရကရေးဆွဲထားတဲ့ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ မူကြမ်းဟာ အဓိကဘာသာကြီးလေးခုရဲ့ အဆိုဆုံးမတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ရန်ကုန်မြို့ရှိ ဘာသာရေးခေါင်းဆောင် များက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ဇွန်လ ၁၅ ရက်နေ့က ကျင်းပတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမှုကြမ်း ဆွေးနွေးပွဲကိုတွေ့ရစဉ်

အစိုးရကရေးဆွဲထားတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမှုကြမ်းဟာ အဓိက ဘာသာကြီးလေးခုရဲ့ အဆိုဆုံးမတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ရန်ကုန်မြို့ရှိ  ဘာသာရေးခေါင်းဆောင်တွေ က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ချက်ထရီယမ်ဟိုတယ်မှာကျင်းပတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမှုကြမ်းနဲ့ ပတ်သက် တဲ့ ဆွေးနွေးပွဲမှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး ရွှေညဝါ ဆရာတော် ဦးပညာသီဟက အခုလို မိန့်ကြားပါတယ်။

"ဗြဟ္မစိုရ်တရား ၄ ပါးထဲက မုဒိတာဗြဟ္မစိုရ် တတိယဗြဟ္မစိုရ် တော်တော်ခေါင်းပါးတယ်၊ တတိယဗြဟ္မစိုရ်ဆိုတာ ဘယ်သူ့ကိုမှမကြည်ဖြူတဲ့ မည်းညစ်တဲ့နှလုံးသားကို ဖယ်ရှားပြီးတော့ ဖြူစင်တဲ့ နှလုံးသားနဲ့ လောကကိုကြည့်တဲ့အမြင်ပါ၊ ဝမ်းမြောက်ပေးတဲ့အမြင်၊ သာဓုခေါ်ပေးတဲ့အမြင်ပါ၊ အင်မတန်သိမ်မွေ့တဲ့ ညင်သာတဲ့ တတိယဗြဟ္မစိုရ်ကို အမျိုးသားရေးစရိုက်အဖြစ် ကျင့်သုံးသွားနိုင်မယ်ဆိုရင် ဘယ်ဘာသာဝင်တွေနဲ့မဆို ယှဉ်တွဲပြီးတော့ နေထိုင်နိုင်မှာပါ"

မြန်မာနိုင်ငံမှာ ဒီလို ဥပဒေမျိုး ပြဌာန်းစရာမလိုပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကသာ အဓိကကျတယ် လို့လည်း  ဘာသာရေးခေါင်းဆောင်တွေက ပြောကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ ခရစ်ယာန်ဓမ္မတက္ကသိုလ် ပါမောက္ခ ဒေါက်တာ စောလှိုင်ဘွား၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ဦးသောင်းလွင်အောင်နဲ့ ဟိန္ဒူ တရားဟောဆရာ ဦးစန်းမြင့်လှိုင် တို့ကလည်း ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမှုကြမ်းကို ရုပ်သိမ်းပေးဖို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်နဲ့ တခြား  နိုင်ငံတကာအဖွဲ့အစည်း ၈ဝ ကျော်က တောင်းဆိုထားပါတယ်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကို ပြဌာန်းပေးဖို့ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတထံ ပြီးခဲ့တဲ့ ဇူလိုင်လ ၉-ရက်နေ့က စာရေးသားတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org