နေပြည်တော်ဆန္ဒပြပွဲ နစ်နာသူတွေ အကြောင်းကြားဖို့ ဝန်ကြီးဌာန ထုတ်ပြန်

နေပြည်တော်ကောင်စီနယ်မြေမှာ ပြုလုပ် ခဲ့တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို တက်ရောက်ခဲ့သူတွေထဲက ထောက်ပံ့ကြေးမရသူတွေ၊ နေရပ်ပြန်ဖို့ ငွေကြေးအခက်အခဲဖြစ်ခဲ့သူတွေအနေနဲ့ ဝန်ကြီးဌာန ကို အသိပေးအကြောင်းကြားနိုင်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ကြေညာလိုက် ပါတယ်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်က ဘောလုံးကွင်းမှာ မေလ ၂ဝ ရက်နေ့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နုတ် ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြကြစဉ် Photo: Win Ko Ko Latt/RFA

နေပြည်တော်ကောင်စီနယ်မြေမှာ ပြုလုပ်ခဲ့တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နှုတ်ထွက်ပေး ဖို့ တောင်းဆိုဆန္ဒပြပွဲကို တက်ရောက်ခဲ့သူတွေထဲက ထောက်ပံ့ကြေးမရသူတွေ၊ နေရပ်ပြန်ဖို့ ငွေကြေးအခက် အခဲဖြစ်ခဲ့သူတွေအနေနဲ့ ဝန်ကြီးဌာနကို အသိပေးအကြောင်းကြားနိုင်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တရားဝင်စာနဲ့ အသိပေးလာရင် လက်ခံသွားမှာဖြစ်ပြီး အသိပေးလာတဲ့အပေါ်မူတည်ကာ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

"ကျနော်တို့က ဖုန်းနဲ့တော့ လက်မခံပါဘူးခင်ဗျ၊ တရားဝင်စာနဲ့ အသိပေးလာရင် လက်ခံပါ့မယ်ခင်ဗျ၊ အသိပေးတာကတော့ ဘယ်သူက အသိပေးတယ်ဆိုတာတော့ ဖော်ပြသင့်တာပေါ့လေ၊ အသိပေးလာတဲ့ အပေါ် မူတည်ပြီး ဆုံးဖြတ်ပါမယ်၊ ဆောင်ရွက်ချက်ကိုလည်း ဝက်ဘ်ဆိုက်ကနေ သတင်းထုတ်ပြန်ပေး ပါမယ်။"

RFA က ဆက်သွယ်မေးမြန်းတဲ့ ဒီနေ့နေ့လည်ပိုင်းအထိတော့ အကြောင်းကြားလာသူတွေ မရှိသေးဘူးလို့ လည်း ပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ကြေညာရတဲ့ အကြောင်းအရင်းကိုတော့ ပြောကြားခြင်း မရှိပါဘူး။

မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်း(ရန်ကုန်)က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ တက်ရောက်ခဲ့သူတွေကို တစ်ယောက် ကို ၇ ထောင်၊ ၁ သောင်း၊ ၂ သောင်း၊ ၃ သောင်း စသဖြင့် ထောက်ပံ့ပေးခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာတချို့ မှာ ဖော်ပြမှုတွေရှိနေကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီပွဲမှာ ပါဝင်ခဲ့သူတချို့က ထောက်ပံ့ကြေးမရတာ၊ အပြန်ခရီးအတွက် အခက်အခဲဖြစ်တာတွေ ကြုံတွေ့ရကြောင်းနဲ့ အဲဒီပွဲအတွက် ငွေကျပ်သိန်း ၈ ထောင်ခန့် သုံးစွဲခဲ့ကြောင်း ကုန်ကျစရိတ်စာရင်းတွေ ခန့်မှန်းတွက်ချက်ထား တာတွေကို လူမှုကွန်ရက်စာမျက်နှာတချို့မှာ ဖော်ပြထားတယ်လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲဒီငွေကြေးတွေကို ထောက်ပံ့တဲ့အဖွဲ့အစည်းနဲ့ စီမံသုံးစွဲခဲ့သူတွေအကြောင်းလည်း ဝန်ကြီးဌာနကို အသိပေးအကြောင်းကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာာ ပါရှိပါတယ်။

မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်း (ရန်ကုန်) က ဦးဆောင်တဲ့ သံဃာတော်တွေနဲ့ လူ ၃ဝဝ လောက်က ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က  နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဘောလုံးကွင်းမှာ ဆန္ဒပြတောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။  

အဲဒီပွဲမှာ ဝန်ကြီးသူရဦးအောင်ကို နုတ်ထွက်ပေးရေးအပြင် အမျိုသားရေးလှုပ်ရှားသူ ဦးဝင်းကိုကိုလတ် အပါအဝင် ဖမ်းဆီးခံထားရသူ ၄ ဦး လွှတ်ပေးရေး၊ တရားဟောခွင့် အပိတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူကို တရားဟော ခွင့်ပြန်လည်ခွင့်ပြုရေး စတဲ့ အချက် ၇ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org