ရိုဟင်ဂျာတွေပြန်ပို့မယ့်အစီအစဉ် အာဆီယံအမတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေစိုးရိမ်

ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်ကို ခဏရပ်ဆိုင်းထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မွတ်စလင် ဒုက္ခသည်တချို့ကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: AFP

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်မယ့် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေး အစီအစဉ်ကို သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေ တာဝန်ခံမှုရှိစေရေး ဆက်လက်တောင်းဆိုနေသလို၊ ဒုက္ခသည်တွေ ကိုယ့်သဘောဆန္ဒနဲ့ပြန်နိုင်မယ့် အစီအစဉ်တွေကိုလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေတွေ တိုးတက်ဖို့နဲ့ တာဝန်ရှိသူတွေ တာဝန်ခံမှုရှိစေမယ့် ခြေလှမ်းတွေကို ဆက်လက်အာရုံစိုက် ကြိုးပမ်းသွားဖို့ အရေးကြီးပါတယ်။ လူတွေခံစားနေရတဲ့ ဒုက္ခတွေ သက်သာစေဖို့၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းဖို့လည်း ကျနော်တို့အနေနဲ့ အဓိကရည်ရွယ်ထားပါတယ်”

… လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရသူ ရောဘတ် ပါလာဒီနို (Robert Palladino) က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ဒီအတောအတွင်းမှာပဲ ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်ကို ခဏရပ်ဆိုင်းထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေ နေရပ်ပြန်တဲ့အခါ လုံခြုံရေးအရ စိုးရိမ်စရာအခြေအနေ ရှိနေသေးတာကြောင့် တောင်းဆိုတာလို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) အကြီးအကဲ Charles Santiago က ပြောဆိုခဲ့တာကို Reuters သတင်းဌာနက ကိုးကားဖော်ပြပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီဒုက္ခသည်တွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် အရင်ဆုံးလုပ်ဖို့ လိုအပ်တယ်လို့လည်း Mr. Santiago က ပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်အကိုင်၊ ပညာရေးနဲ့ နိုင်ငံသားဖြစ်ခွင့်လို ကန့်သတ်ချက်တွေကိုလည်း ဒုက္ခသည်တွေ ရင်ဆိုင်နေဆဲလို့ ဆိုပါတယ်။

အလားတူ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) နဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) တို့ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေးကိစ္စကို စိုးရိမ်ကြောင်း ပြောဆိုကြပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အဆင်သင့် မဖြစ်သေးဘူးလို့လည်း ပြောဆိုကြပါတယ်။

ဒီအတောအတွင်းမှာပဲ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး David Beasley ကလည်း ဒုက္ခသည်တွေပြန်ပို့ရေးနဲ့ ပတ်သက်လို့ အထူးစိုးရိမ်မကင်း ဖြစ်နေတယ်လို့ ပြောလိုက်ပါတယ်။

ဒီလိုပြောဆိုတာတွေနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့... ဒုက္ခသည်ပြန်ခေးရေးကို ဥပဒေအတိုင်း ဆောင်ရွက်မှာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ RFA ကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org