Aim Star ကုမ္ပဏီတာဝန်ရှိသူ ဦးဂျိုးဇက်ကို တရားစွဲမည်

သတင်းမီဒီယာတွေကို ပုတ်ခတ်ပြောဆို ခဲ့တဲ့ MLM ခေါ် ဆင့်ပွားအရောင်းလုပ်ငန်း လုပ်ကိုင်တဲ့ Aim Star ကုမ္ပဏီရဲ့ တာဝန် ရှိသူ ဦးဂျိုးဇက်ကို သတင်းထောက်တွေက တရားစွဲဖို့ ဆုံးဖြတ်လိုက်ပြီး ရှေ့နေတွေနဲ့ ပြင်ဆင်နေပါတယ်။

Aim Star ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဦးဂျိုးဇက်ကို တွေ့ရစဉ် Photo: Joseph Aimstar Fans/ Facebook

သတင်းမီဒီယာတွေကို ပုတ်ခတ်ပြောဆိုခဲ့တဲ့ MLM ခေါ် ဆင့်ပွားအရောင်းလုပ်ငန်းလုပ်ကိုင်တဲ့ Aim Star ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဦးဂျိုးဇက်ကို သတင်းထောက်တွေက တရားစွဲဖို့ ဆုံးဖြတ်လိုက်ပြီး ရှေ့နေတွေနဲ့ ပြင်ဆင်နေပါတယ်။

အဲဒီလို တရားစွဲဖို့အတွက် ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်နေပြီဖြစ်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အလုပ်အမှုဆောင် ဦးကောင်းထက်စံက ပြောပါတယ်။

"ဥပဒေပိုင်းဆိုင်ရာကတော့ Myanmar Media Lawyer Network တော့ရှိတယ်လေ။ အဲဒီကဆရာတွေနဲ့ ကျနော်တို့ ပြောထားတာတော့ရှိတယ်။ နောက်တစ်ခုက သူ့ကို ဘာအမှုနဲ့ စွဲလို့ရမလဲ။ အဲဒါကို ကျွန်တော်တို့ သူတို့ (ရှေ့နေတွေ) နဲ့ ဆက်ပြောမယ်။ နောက်တစ်ခုက ကျွန်တော်တို့ကို ကူညီပေးမယ့် အခြားရှေ့နေတွေ လည်း အများကြီးရှိတယ်။ ကျိန်းသေတယ်။ တရားစွဲတာက စွဲမှာပဲ"

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က Aim Star စီးပွားရေးလုပ်ငန်း ဟောပြောပွဲတစ်ခုမှာ ဦးဂျိုးဇက် က မြန်မာပြည်က သတင်းထောက်တွေဟာ တတ်လို့သတင်းရေးတာ မဟုတ်ဘဲ ငတ်လို့ရေးတာလို့ ပုတ်ခတ်ပြောဆိုတဲ့ အပေါ် မကျေနပ်တဲ့အတွက် အခုလိုသတင်းထောက်တွေရဲ့ လက်မှတ်တွေကို စုစည်းပြီး တရားစွဲဖို့ စီစဉ်ကြတာဖြစ်ပါတယ်။

တရားစွဲဆိုနိုင်ဖို့ ၃ ရက်ကြာစုဆောင်းထားတဲ့ သတင်းထောက်တွေရဲ့လက်မှတ်တွေကို ဒီနေ့ နောက်ဆုံး စုစည်းပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ကိုပေးပို့မှာဖြစ်ပါတယ်။

အဲဒီလက်မှတ်တွေကို မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးဆောင်ကောက်ယူတာဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးက လက်မှတ်တွေကိုလည်း ဒီနေ့ နောက်ဆုံးထားကောက်ခံသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ Facebook စာမျက်နှာမှာ Aim Star ကို တရားစွဲဆိုဖို့ ထောက်ခံတဲ့ သတင်းထောက်တွေရဲ့ လက်မှတ်ပေါင်း ၁၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org