ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေ ထပ်တိုးဖို့ ကော်မရှင်ထံ တောင်းဆို
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရတော့ကြောင်း ကော်မရှင်က ကြေညာပြီးဖြစ်တဲ့ နေရာတွေထဲက ဘေးအန္တရာယ်ကင်းပြီး တည်ငြိမ်အေးချမ်းမှုရှိတဲ့ ဒေသတွေမှာ ကျင်းပခွင့် ပြန်ထည့်ပေးဖို့ နိုင်ငံရေးပါတီတွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။
-
နေမျိုးထွန်း
2020-10-23 -
-
-
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရတော့ကြောင်း ကော်မရှင်က ကြေညာပြီးဖြစ်တဲ့ နေရာတွေထဲက ဘေးအန္တရာယ်ကင်းပြီး တည်ငြိမ်အေးချမ်းမှုရှိတဲ့ ဒေသတွေမှာ ကျင်းပခွင့် ပြန်ထည့်ပေးဖို့ နိုင်ငံရေးပါတီတွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေကို ကြေညာလိုက်ပြီး တစ်ပတ်အတွင်း ရခိုင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်တစ်ချို့မှာ ရွေးကောက်ပွဲလုပ်ပေးဖို့ နိုင်ငံရေး ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေက တောင်းဆိုမှုတွေရှိလာတာပါ။
ရှမ်းပြည်နယ်အတွင်းက မိုင်းကိုင်မြို့နယ်အပါအဝင် လားရှိုး၊ မူဆယ်ခရိုင်တွေက ကျေးရွာ အုပ်စုတွေကို နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြန်ထည့်သွင်းပေးဖို့ တောင်းဆိုကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောပါတယ်။
“အထွေထွေရွေးကောက်ပွဲဆိုတာ အစိုးရတစ်ရပ်ကို အပြောင်းအလဲလုပ်တဲ့ အစည်းအဝေးလည်းဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူရဲ့ မဲဆန္ဒတစ်မဲဆိုတာက အင်မတန်အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ အဲဒါကို နောက်ကျပြီးမှ ရတဲ့အခွင့်အရေးနဲ့ လက်ရှိမှာ ရတဲ့အခွင့်အရေးဟာ မတူပါဘူး။ ဒါ့ကြောင့် မိုင်းကိုင်အပါအဝင် တချို့ မလိုအပ်ဘဲ၊ အောက်မှာ ထွေထွေထူးထူး မဖြစ်ဘဲနဲ့ ပါတဲ့ မူဆယ်ခရိုင်၊ လားရှိုးခရိုင်တွေထဲက ကျေးရွာအုပ်စုတွေအပြင် ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲပြင်းပြင်းထန်ထန်မဖြစ်ဘဲ ငြိမ်သက်နေတဲ့နေရာတွေကတော့ ပြန်ပြီးတော့ စဉ်းစားပေးသင့်တယ်၊ ကျင်းပဖို့လည်း အတတ်နိုင်ဆုံး လုပ်ဆောင်ပေးသင့်တယ်။”
အခုလ ၁၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်က ၉ မြို့နယ်၊ ရှမ်းပြည်နယ်က ၆ မြို့နယ်၊ ပဲခူးတိုင်းက ၂ မြို့နယ်နဲ့ ကချင်၊ ကရင်၊ မွန်၊ ရှမ်း စတဲ့ပြည်နယ်တွေက ကျေးရွာအုပ်စု ၅၀၀ ကျော်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေညာခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်ဟာ သဘာဝဘေးအန္တရာယ်ကင်းရှင်းပြီး တည်ငြိမ်အေးချမ်းတာမို့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ စာရင်းကနေ ပယ်ဖျက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေက လက်မှတ်ရေးထိုးပြီး ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ထံ အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့က စာပေးပို့တောင်းဆိုထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ထုတ်ပြန်ထားတဲ့ နယ်မြေတွေထဲက ဒေသခံတွေ၊ ကိုယ်စားလှယ်လောင်းတွေက အဲဒီနေရာတွေမှာ ဘေးကင်းလုံခြုံပြီး အန္တရာယ်မရှိဘူးလို့ တင်ပြလာတာမျိုးရှိရင် သက်ဆိုင်ရာဌာနတွေဆီက သဘောထားမှတ်ချက် ပြန်တောင်းပြီး ရွေးကောက်ပွဲကျင်းပဖို့ရှိမရှိ ပြန်ကြေညာပေးသွားမယ်လို့ အောက်တိုဘာလ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ ၁၅ ရက်လောက်သာ လိုတော့တာကြောင့် ပြန်လည်ထည့်သွင်းပေးမယ့် နေရာတွေကို ရွေးကောက်ပွဲကော်မရှင်က မြန်မြန်ဆန်ဆန် ပြန်ကြေညာပေးဖို့ ကိုယ်စားလှယ်လောင်းတွေက လိုလားနေပါတယ်။
“ကော်ရှင်က သူတို့ရဲ့ အဆုံးအဖြတ်မဟုတ်ဘူး၊ နိုင်ငံတော်အစိုးရရဲ့ သဘောထားပေါ် ဆောင်ရွက်ရတာဆိုတော့။ အစိုးရရဲ့ သဘောထားကို အမြန်ဆုံးထုတ်ပြန်ဖို့ ဒါမှမဟုတ် ကော်မရှင်ကို အသိပေးဖို့ လိုအပ်တယ်ပေါ့ဗျာ။ အစိုးရက လုပ်လို့ရပြီလို့ ပြောလာတဲ့အချိန်မှာ ကော်မရှင်က နောက်မကျဘဲ အချိန်မီ ကြေညာနိုင်ရင်တော့ ကောင်းတာပေါ့။ ကျွန်တော်တို့လည်း ကိုယ့်မဲဆန္ဒနယ်တွေမှာ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ မရှိမှာကို စိတ်ပူပန်နေရအတွက်နဲ့ ဒီလိုပဲ မြန်မြန်ဆန်ဆန် ဖြစ်လာစေချင်ပါတယ်။”
ဒါက ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဖေသန်းပြောခဲ့တာပါ။
ကော်မရှင်က အမ်းမြို့နယ်မှာ ရွေးကောက်ပွဲဖျက်သိမ်းထားတာနဲ့ ပလက်ဝမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောဆိုချက်တွေကို ပြန်စဉ်းစားသုံးသပ်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ တရားဝင်ပြောထားပါတယ်။
ပလက်ဝမြို့နယ်က နေရာအချို့မှာ နယ်မြေတည်ငြိမ်မှုမရှိသေးတာကြောင့် အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ မသေချာတာ မျှော်လင့်ထားပြီးသားဖြစ်တယ်လို့ ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးစောမြက ဆိုပါတယ်။
ရခိုင်မှာလည်း တိုက်ပွဲတွေဖြစ်တာမရှိတဲ့ ပေါက်တောမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ ပြောထားတာကို ပြန်လည်စိစစ်ပေးဖို့ အဲဒီမြို့နယ်ကနေ ယှဉ်ပြိုင်မယ့် ရခိုင့်ဦးဆောင်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦးက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အောက်တိုဘာလ ၂၂ ရက်နေ့ ရက်စွဲနဲ့ စာရေးသားပေးပို့ထားပါတယ်။
ပေါက်တောမြို့နယ်ဟာ နယ်မြေအေးချမ်းတည်ငြိမ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (င)အရ မဲဆန္ဒရှင်တွေဟာ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစွာနဲ့ ဆန္ဒပြမဲပေးနိုင်တဲ့ အခြေအနေဖြစ်တယ်လို့လည်း စာမှာဖော်ပြထားပါတယ်။
ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကလည်း တိုင်းရင်းသားပါတီတွေရဲ့ ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုမှုတွေကို ထောက်ခံကြောင်း ပြောပါတယ်။
“ဒီဒေသတွေအတွက်ကို အမှန်တကယ် စဉ်းစားသုံးသပ်တယ်ဆိုလို့ရှိရင် ပြန်လည်လုပ်ပေးလို့ရတဲ့ နေရာတွေကို သုံးသပ်ပြီးတဲ့အခါ အမြန်ဆုံးဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်ရော၊ မဲပေးမယ့် ပြည်သူတွေရဲ့ အခွင့်အရေးကို မဆုံးရှုံးစေချင်တဲ့ ဆန္ဒဖြစ်ပါတယ်။”
တပ်မတော်ကတော့ လုံခြုံရေးအခြေအနေနဲ့ မဲပေးရတဲ့အခါ အန္တရာယ်ကင်း၊ မကင်းကို သဘောထားမှတ်ချက်ပေးခဲ့တာရှိပေမယ့် ဖျက်သိမ်းတဲ့နေရာတွေကို ကော်မရှင်ကသာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး တပ်မတော်က ပြောခဲ့တဲ့နေရာတွေနဲ့ UEC ထုတ်ပြန်ချက်မှုမှာ နေရာတချို့ ကွဲလွဲချက်ရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က အောက်တိုဘာလ ၂၀ ရက်နေ့က RFA ကို ပြောထားပါတယ်။
အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် မုံရွာ အောင်ရှင်ကတော့ ကော်မရှင်က ဒီကိစ္စပြန်သုံးသပ်ပေးမယ်လို့ ပြောထားတာကြောင့် စောင့်ကြည့်ရမယ်လို့ မှတ်ချက်ပြုပါတယ်။
“ဒီကိစ္စက UEC က တိုက်ရိုက်လုပ်တဲ့ကိစ္စဆိုတော့ ကျွန်တော်တို့ ပါတီအနေနဲ့ရော၊ အစိုးရအနေနဲ့ရော ဘာမှစွက်ဖက်ခွင့်မရှိဘူးဗျ။ တချို့နေရာဒေသတွေမှာ တိုက်ပွဲလည်း နည်းတယ်ပေါ့လေ၊ နည်းပြီးတော့ ကျင်းပခွင့်မရတာထဲမှာ ထည့်ထားတဲ့အတွက်ကြောင့် တိုင်းရင်းသားပါတီတွေက ပြောလာကြတာပေါ့ဗျာ။ ဒါတွေကို တနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UEC က ဒါ ပြန်ပြီးသုံးသပ်ပေးပါမယ်လို့ ပြောထားတာရှိတယ်။ ကျွန်တော်တို့ အဲဒါကို စောင့်ကြည့်ရမှာပါပဲဗျ။"
ကြားဖြတ်ရွေးကောက်ပွဲတွေရှိပေမယ့် ဘယ်အချိန်မှ ကျင်းပပေးမယ်ဆိုတာမသိနိုင်တာနဲ့ မဲပေးခွင့်ဆိုတာ ၅ နှစ်တစ်ကြိမ်မှရတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးဖြစ်ပြီး မဲဆန္ဒရှင်အားလုံးရဲ့ ရွေးချယ်မှုအရ တက်လာတဲ့ အစိုးရသာဖြစ်သင့်တယ်လို့ လေ့လာသူတွေကလည်း ယူဆပါတယ်။
“ပထမတော့ လုံခြုံရေးကိစ္စလို့ အကြောင်းပြပေမယ့် တပ်မတော်ကလည်း သူတို့တင်ပြတာ ရွေးကောက်ပွဲကော်မရှင်တင်ပြတာထက် အများကြီးနည်းပါတယ်ဆိုပြီးတော့ ဖော်ပြလာတဲ့အတွက်ကြောင့် လုံခြုံရေးကိစ္စမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲမကျင်းပတယ်ဆိုတဲ့ အချက်တွေလည်း ထွက်လာတာပေါ့။ အဲလိုအခြေအနေအောက်မှာ ကျွန်တော့်အမြင်ကတော့ လုံခြုံရေးအရအကြောင်းပြချက်မရှိဘူးဆိုရင် လုံခြုံရေးအရအကြောင်းပြချက်မရှိဘူးဆိုတဲ့ နယ်မြေအားလုံးမှာ ရွေးကောက်ပွဲကျင်းပခွင့်ပေးသင့်ပါတယ်။ အောက်ခြေက တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ ကျင်းပခွင့် မြန်မြန်ထုတ်ပေးတာ အကောင်းဆုံးပါပဲ။ ရွေးကော်ပွဲကျင်းပဖို့လည်း နှစ်ပတ်ပဲလိုတော့တာကြောင့် အမြန်ဆုံး ခွင့်ပြုပေးနိုင်ရင် အကောင်းဆုံးပါပဲ။”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးရဲ့ သဘောထားကို ကြားခဲ့ရတာဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဖျက်သိမ်းမယ့်နေရာတွေကို ပြည်ထောင်စုအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရဲ့ သဘောထားမှတ်ချက် ရယူခဲ့တယ်လို့ ပြောဆိုထားပါတယ်။
RFA က မေးမြန်းမှုအရ ကော်မရှင်အဖွဲ့ခွဲတချို့နဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတချို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို မသိရကြောင်း ပြောကြပါတယ်။
တိုက်ပွဲမရှိဘဲ ရွေးကောက်ပွဲကျင်းပလို့ရတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ ရွေးကောက်ပွဲ ဖျက်သိမ်းတာဟာ ဒီမိုကရေစီစနစ်နဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်နေပြီး နိုဝင်ဘာလ ၈ ရက်နေ့ အမှီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေ ထပ်တိုးထည့်သွင်းပေးဖို့ တောင်းဆိုနေကြကြောင်း တင်ပြလိုက်ရပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)