ချင်းပြည်နယ်က အကြမ်းဖက်မှုတွေ တားဆီးဖို့ လုံခြုံရေးကောင်စီကို အရပ်ဘက်အဖွဲ့ ငါးရာကျော် တောင်းဆို

ချင်းပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာနေတာတွေကို ရပ်တန့်အောင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကနေ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ဖို့ အရပ်ဘက်အဖွဲ့ ငါးရာကျော်က တိုက်တွန်းတောင်းဆိုလိုက်တဲ့ အကြောင်း Reuters သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
အိန္ဒိယနယ်စပ်နားမှာရှိတဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီက စစ်ဆင်ရေးတွေ တိုးမြှင့်ပြီး မလုပ်ခင်မှာ လုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ပြီး ဆုံးဖြတ်ချက်ချပေးဖို့ မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာက အရပ်ဘက်အဖွဲ့အစည်း ၅၂၁ ဖွဲ့က စုပေါင်းပြီး တောင်းဆိုတဲ့ တိုက်တွန်းချက်ကို HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ စစ်အင်အားတွေ ဖြည့်နေတဲ့သတင်းတွေလည်း ထွက်နေတာကြောင့် ဒါတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ PDF ကာကွယ်ရေးအဖွဲ့တွေကို ရှင်းမယ့်အခြေအနေတွေလို့လည်း ခန့်မှန်းချက်တွေရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ချင်းပြည်နယ် ထန်တလန်မြို့မှာ ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီအထဲမှာ ဗြိတိန်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ Save the Children အဖွဲ့ရဲ့ ရုံးတစ်ခုလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။ ထန်တလန်မြို့မှာ အင်တာနက်လည်း ဖြတ်ခံထားရ တာကြောင့် ဘာတွေဖြစ်နေသလဲဆိုတာ မသိရဘူးလို့ ထန်တလန်မြို့က ထွက်ပြေးလာခဲ့သူတစ်ဦးက ပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။