ထိုင်း-မြန်မာ နယ်စပ်ဂိတ်အားလုံး ဖွင့်ပေးဖို့ နေရပ်ပြန်သူများ တောင်းဆို

ထိုင်းနိုင်ငံကနေ ပြန်လာမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မြဝတီနယ်စပ်ဂိတ် တစ်ခုတည်းကနေပဲ ပြန်လည်လက်ခံတာမဟုတ်ဘဲ အခြားနယ်စပ်ဂိတ်တွေကိုပါ ဖွင့်ပြီး လက်ခံပေးဖို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီနေသူတွေက လိုလားနေကြပါတယ်။

မြဝတီနယ်စပ်ဂိတ်မှာ ၂၀၂၀၊ မေ ၆ ရက်နေ့ ပြန်ဝင်လာသူတွေ မရှိသေးတာ တွေ့ရစဉ် Photo: Thant Zin Aung

ထိုင်းနိုင်ငံကနေ ပြန်လာမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မြဝတီနယ်စပ်ဂိတ် တစ်ခုတည်းကနေပဲ ပြန်လည်လက်ခံတာမဟုတ်ဘဲ အခြားနယ်စပ်ဂိတ်တွေကိုပါ ဖွင့်ပြီး လက်ခံပေးဖို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီနေသူတွေက လိုလားနေကြပါတယ်။

ထိုင်းနိုင်ငံထဲကနေ တနင်္သာရီတိုင်းကို ပြန်လာမယ့်သူတွေဟာ ကရင်ပြည်နယ် မြဝတီဂိတ်ကနေ ပြန်မယ်ဆိုရင် လမ်းခရီးမှာတင် မလိုအပ်ဘဲ အချိန်တွေကုန်သလို ငွေကုန်ကြေးကျလည်း များတယ်လို့ ရနောင်းမြို့ကနေ ပြန်လာဖို့ ကြိုးစားပေမယ့် အခက်အခဲဖြစ်နေတဲ့ ဦးအောင်မင်းကပြောပါတယ်။

“ရနောင်းကနေ မြဝတီကိုသွားမယ်ဆိုရင် ရနောင်းကနေ ဘန်ကောက်ကို ခရီးတစ်ထောက်၊ တစ်နေ့သွားရမယ်၊ ဘန်ကောက်ကနေ မြဝတီကို တစ်နေ့သွားရင် နှစ်ရက်ရှိမယ်၊ လမ်းစရိတ်က မခံနိုင်ဘူးလေ၊ မြဝတီကနေ ကော့သောင်း ပြန်လာမယ်ဆိုရင် မြဝတီ-မော်လမြိုင်၊ မော်လမြိုင်ကနေမှ ကော့သောင်းဆိုတော့ မြန်မာပြည်မြေပုံ အောက်ပိုင်းကို ပတ်နေသလို ဖြစ်နေတယ်၊ အဲနည်းက အဆင်မပြေဘူး ဒီမှာဘဲ ပိတ်ခံမယ်၊ အဲလိုက ဘယ်လိုမှမဖြစ်နိုင်ဘူး”

ရနောင်းမြို့ကနေ မြဝတီကိုဆိုရင် လမ်းခရီးမှာ ခရိုင် ၁၀ ခု နီးပါးကို ဖြတ်ရပြီး အနည်းဆုံး ၁၆နာရီ အချိန်ပေးရမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်း ကော့သောင်းမြို့နဲ့ ထိစပ်နေတဲ့ ရနောင်းမြို့မှာ ပြန်လာဖို့ စောင့်နေတဲ့ မြန်မာလုပ်သား ၅၀၀ နီးပါး ရှိနေပါတယ်။

သူတို့ဟာ လက်ရှိမှာ အလုပ်လက်မဲ့တွေဖြစ်နေပြီး  ထိုင်းနိုင်ငံ တောင်ပိုင်း မြို့အသီးသီးကနေ ကော့သောင်းမြို့ကို ပြန်ဖို့အတွက် ရနောင်းမြို့ပေါ်မှာ ရောက်ရှိနေကြသူတွေပါ။

မြန်မာအစိုးရ အစီအစဉ်နဲ့ ပြန်လာမယ့်သူတွေကို မြဝတီနယ်စပ်ဂိတ်မှာ မေလ ၁ ရက်နေ့ကစပြီး ပြန်လည်လက်ခံနေတာပါ။

အဲဒီအစီအစဉ်ဟာ ထိုင်းနိုင်ငံ တောင်ပိုင်းအပါအဝင် မြဝတီနယ်စပ်ဂိတ်နဲ့ ဝေးတဲ့ ခရိုင်အသီးသီးက မြန်မာလုပ်သားတွေအတွက် အဆင်မပြေပါဘူး။ သွားလာရေးခက်ခဲတာ၊ ခရီးသွားလာမှု ပိတ်ထားတဲ့ ခရိုင်တွေ အတော်များများကို ဖြတ်သန်းသွားလာရမှာဖြစ်လို့ ပြန်မရသေးဘဲ အခက်ကြုံနေရပါတယ်။

မဆောင်းဝတ်ရည်ဟာ ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်ပြီး မဟာချိုင်မှာ အလုပ်လုပ်ရာကနေ တနင်္သာရီတိုင်း ပုလောမြို့ကို ပြန်ဖို့ တစ်လကျော်ကြာ စောင့်နေသူပါ။

“အဲဒီကပြန်မယ်ဆို တော်တော်လေးကို ပင်ပန်းမှာ၊ အခက်အခဲတွေက အများကြီးပဲ ရှိတယ်၊ အဲဒီ မြဝတီဘက်က ကိုယ်တွေလည်း မသွားတတ်ဘူး၊ မကျွမ်းကျင်တဲ့အတွက် လူလိမ်တွေနဲ့ အတော်များများလမ်းမှာ ဒုက္ခဖြစ်မှာ အသေအချာဘဲ၊ သွားရင် မြဝတီက ကိုယ်ရွာနဲ့ အဝေးကြီးဘဲ၊ ကိုယ်ဝန်က တစ်ဖက်နဲ့ဆိုတော့ အဲရောဂါကြောင့်မသေဘဲ လမ်းမှာလူမူးလဲပြီး သေလိမ့်မယ်"

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ အစိုးရက တရားဝင် ဖြတ်သန်းသွားလာခွင့်ပြုထားတဲ့ နယ်စပ်ဂိတ် လေးခု ရှိပေမယ့် အခုချိန်မှာ မြဝတီနယ်စပ်ဂိတ် တစ်ခုတည်းကနေပဲ ထိုင်းရောက် မြန်မာလုပ်သားအားလုံး ပြန်လာဖို့ဆိုရင် အလုပ်သမားတွေအတွက် ခက်ခဲစေတယ်လို့ ပြောကြပါတယ်။

မြဝတီဂိတ်တစ်ခုတင်မကဘဲ တခြားနယ်စပ်ဂိတ်တွေကိုပါ ခွင့်ပြုသင့်တယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“ကော့သောင်းကနေ ရနောင်းမှာ အလုပ်လာလုပ်တယ်၊ ကော့သောင်းပြန်မယ်ဆိုရင် နာရီဝက် တစ်နာရီလောက်ပဲ ကြာမယ်၊ ဒါကို မြဝတီတစ်လမ်းပဲ ဖွင့်ထားမယ်ဆိုရင် ကျနော်တို့က ရနောင်းက အလုပ်သမားတွေရော၊ ဖူးခတ်က အလုပ်သမားတွေရော ဥပမာ တောင်ပိုင်းကလူတွေက ထိုင်းနိုင်ငံ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပြည်နယ်ပေါင်း ဆယ်ခုကျော်ဖြတ်မှ မဲဆောက်ကိုရောက်မှာ၊ သူတို့မှာလည်း ပြည်နယ်တွေကို ပိတ်ထားတာ၊ ပြည်နယ် တစ်ခုနဲ့တစ်ခု ဖြတ်ဖို့ကလည်း အခက်အခဲရှိတယ်၊ ဆေးရုံထောက်ခံစာပြရတာတွေ၊ ထောက်ခံစာပြရတာတွေ ဒီပြဿနာတွေက ထိုင်းနိုင်ငံထဲမှာရှိတာ၊ ဒါကြောင့်မို့ ကျနော်တို့က လွယ်လွယ်ကူကူနဲ့ ဖြတ်လို့ရတဲ့ နယ်စပ်တွေကို ဘာလို့ရအောင်မဖွင့်ဘဲနဲ့ မဲဆောက်-မြဝတီ တစ်လမ်းထဲပဲ ဖွင့်ရတာလည်းပေါ့၊ ကျနော်တို့အနေနဲ့ စဉ်းစားလို့မရအောင် ဖြစ်နေတယ်”

ထိုင်းနိုင်ငံဘက်ကသာ ဂိတ်အားလုံးကို ခွင့်ပြုလိုက်မယ်ဆိုရင် ပြန်လက်ခံဖို့ အဆင့်သင့်ရှိတယ်လို့ တနင်္သာရီတိုင်းအစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။

“ကျနော်တို့ဘက်က အဆင့်သင့်ပါဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ တိုင်းသူတိုင်းသားတွေ၊ နိုင်ငံသူနိုင်ငံသားတွေ တစ်ဘက်နိုင်ငံမှာ ဒုက္ခမရောက်ရလေအောင်၊ တစ်ဘက်နိုင်ငံမှာ အဆင်မပြေတဲ့ကိစ္စတွေ ဖြစ်နေတယ်လို့လည်း ကျနော်တို့ ကြားသိရပါတယ်၊ အဲအတွက်လည်း ကျနော်တို့နိုင်ငံကို တရားဝင်နဲ့ ထွက်သွားသည်ဖြစ်စေ တရားမဝင် ထွက်သွားသည်ဖြစ်စေ ကျနော်တို့နိုင်ငံကို ပြန်ဝင်ပြီးတော့ ပြန်လည်ရောက်ရှိနိုင်အောင် ကြိုးစားနေပါတယ်”

မြဝတီနယ်စပ်ဂိတ်တစ်ခုတင်မဟုတ်ဘဲ အခြားနယ်စပ်ဂိတ်တွေပါ ဖွင့်ပေးဖို့ရှိမရှိ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။ တရားဝင် ဂိတ်လေးခုကတော့ မဲဆောက်-မြဝတီ အပြင်၊ ရနောင်း-ကော့သောင်း၊ မယ်ဆိုင်-တာချီလိတ်၊ ကန်ချနပူရီ-ထီးခီး တို့ ဖြစ်ပါတယ်။

နေရပ်ပြန်ဖို့ သံရုံးမှာ စာရင်းပေးထားသူ နှစ်သောင်းကျော်ထဲမှာ မြဝတီနယ်စပ်ဂိတ်ကနေ ပြန်လည်ဝင်ရောက်လာနိုင်တာ မနေ့ကအထိ ၂၀၀ နီးပါးသာရှိပါသေးတယ်။

မြဝတီနယ်စပ်ဂိတ်ကနေ မြန်မာလုပ်သား တစ်သိန်းခွဲလောက် ပြန်ဝင်လာမယ်လို့ မြန်မာအစိုးရက ခန့်မှန်းထားပါတယ်။ နေရပ်ပြန်လာရေးကိစ္စ ထိုင်းအစိုးရနဲ့ ညှိနှိုင်းမှုတွေမှာ အခြေအနေ ကောင်းတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က တနင်္သာရီ၊ မွန်၊ ကရင်ဝန်ကြီးချုပ်တွေနဲ့ အွန်လိုင်းဆွေးနွေးခန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေဟာ အခုလက်ရှိမှာ ကိုရိုနာအန္တရာယ်ကြောင့် အလုပ်လက်မဲ့ အခြေအနေ ဖြစ်နေပြီး အလွယ်တကူ နေရပ်မပြန်နိုင်သေးဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ နေထိုင်စားသောက်ဖို့ အခက်အခဲရှိနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org