ရခိုင်နဲ့ချင်းမှာ အင်တာနက်ပြန်ဖွင့်ရေး ပြည်တွင်း ပြည်ပတောင်းဆို
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ရှစ်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာ ဒီနေ့ တစ်နှစ်တိတိ ပြည့်သွားပြီဖြစ်တာကြောင့် အင်တာနက်ပြန်ဖွင့်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ အွန်လိုင်းလူမှုကွန်ရက်မှာ ဆန္ဒပြခဲ့သလို စစ်တွေမြို့မှာလည်း အင်တာနက်ပြန်ဖွင့်ဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။
-
သန့်ဇင်ဦး၊ နီမင်းထွန်း
2020-06-21 -
-
-
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ရှစ်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာ ဒီနေ့ တစ်နှစ်တိတိ ပြည့်သွားပြီဖြစ်တာကြောင့် အင်တာနက်ပြန်ဖွင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ အသံအဖွဲ့က ဦးဆောင်ပြီး လူမှုကွန်ရက် အွန်လိုင်းပေါ်ကနေ ဒီကနေ့ ဆန္ဒပြပွဲပြုလုပ်ခဲ့သလို စစ်တွေမြို့မှာလည်း အင်တာနက်ပြန်ဖွင့်ဖို့ လှုံ့ဆော်မှုလုပ်ခဲ့ကြပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ခုနှစ်မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ် တွေမှာ လုံခြုံရေးအကြောင်းပြပြီး အစိုးရက အင်တာနက်ဖြတ်တောက်ထားတာ ဇွန်လ ၂၁ ရက်နေ့ ဒီကနေ့မှာ တစ်နှစ်ပြည့်ပါပြီ။
ဒီအင်တာနက် ဖြတ်တောက်မှုဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး စံချိန်တင် ဖြတ်တောက်မှုလည်း ဖြစ်ပါတယ်။
ဒါကြောင့် အင်တာနက်အမြန်ဆုံးပြန်ဖွင့်ပေးဖို့ ဆန္ဒထုတ်ဖော်ပွဲကို တက်ကြွလှုပ်ရှားသူတွေအပါအဝင် လူအင်အား ၂ ရာနီးပါးက လူမှုကွန်ရက်အွန်လိုင်းပေါ်ကနေ ဒီကနေ့ တောင်းဆိုခဲ့ကြပါတယ်။
ဦးဆောင်ပြုလုပ်တဲ့ အသံအဖွဲ့ ဒါရိုက်တာ မောင်ဆောင်းခက ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်က ပြည်သူတွေနဲ့ အတူတူရှိကြောင်း ပြသဖို့ အွန်လိုင်းဆန္ဒပြပွဲကို ပြုလုပ်ရတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
အွန်လိုင်းဆန္ဒပြပွဲအပြင် အင်တာနက်ဖြတ်တောက်မှုရပ် စာသားပါ တူညီအင်္ကျီ ဝတ်ဆင်ပြီး အွန်လိုင်းပေါ် တင်ကြတဲ့ လှုံ့ဆော်မှုတွေလည်း လုပ်ခဲ့ကြသလို မကြာခင်မှာ စုပေါင်းတောင်းဆိုနိုင်မယ့် လက်မှတ်ထိုးတဲ့ လှုံ့ဆော်မှုတွေ ထပ်လုပ်သွားမယ်လို့လည်း မောင်ဆောင်းခက ဆိုပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက် လုံခြုံရေးအကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၁ ရက်နေ့ကတည်းက အင်တာနက်ပိတ်ခဲ့တာဖြစ်ပါတယ်။
အင်တာနက် ဖြတ်တောက်ခံထားရတဲ့ဒေသက ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးအစစအရာရာ နောက်ကျ ကျန်ခဲ့တဲ့အတွက် မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူးလို့ အမျိုးသားလွှတ်တော် အမတ် ဒေါ်ထုမေက RFA ကိုပြောပါတယ်။
အစိုးရက လုံခြုံရေးကို အကြောင်းပြပြီး အင်တာနက်ဖြတ်တောက်ခဲ့ပေမယ့် ပိတ်ပြီးနောက်ပိုင်းမှာမှ တိုက်ပွဲတွေ ပိုများလာတာ၊ ပြည်သူတွေ ထိခိုက်အနာတရဖြစ်တာတွေ ပိုများလာတာကြောင့် အင်တာနက် အမြန်ပြန်ဖွင့်ပေးဖို့ တောင်းဆိုတယ်လို့ ဒေါ်ထုမေက ဆိုပါတယ်။
လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအပြင် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ HRW ကလည်း ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ဖြတ်တောက်မှုကြောင့် ဒေသခံပြည်သူ တစ်သန်းကျော် လောက် ထိခိုက်နစ်နာမှုတွေ ခံစားနေရတဲ့အတွက် ပြန်ဖွင့်ပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
ဒီကနေ့မှာပဲ အင်တာနက် အမြန်ဆုံးပြန်ဖွင့်ပေးရေး လှုံ့ဆောင်မှုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံရုံးကလည်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ထားမှုကို ပြန်ဖွင့်ပေးနိုင်ရေး ဒီကနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရွေးကောက်ပွဲကာလ နီးကပ်လာချိန်နဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေချိန်တွေမှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေး၊ ဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေရဖို့ အရေးကြီးတယ်လို့ EU ရဲ့ကြေညာချက်မှာ ပါရှိပါတယ်။
အလားတူပဲ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတွေက မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေကလည်း အင်တာနက် ပြန်ဖွင့်ပေးဖို့ ဒီနေ့တောင်းဆိုလိုက်ပါတယ်။
အင်တာနက်တွေ ဖြတ်တောက်ခံထားရတဲ့အတွက် လူ့အသက်တွေ ကာကွယ်ဖို့နဲ့ လူသားချင်းစာနာမှု အကူညီတွေ ပေးအပ်နိုင်အောင် အချိန်မီ သတင်းရရှိရေးမှာ အဟန့်အတားတွေ ဖြစ်နေတာကြောင့် ချက်ခြင်းပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း တောင်းဆိုထားပါတယ်။
အင်တာနက်ပြန်ဖွင့်ပေးဖို့ကိစ္စအတွက် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးမြန်းမှုတွေကို လွှတ်တော် ဥက္ကဋ္ဌက ပယ်ချခဲ့တာကြောင့် မေးမြန်းခွင့်တွေမရခဲ့ဘူးလို့လည်း ဒေါ်ထုမေက ပြောပါတယ်။
"ကျမ ၂၀၁၉၊ ခုနှစ် ၆ လပိုင်းလောက်မှာ လွှတ်တော်ကို မေးခွန်းမေးခဲ့ပါတယ်၊ ဒါပေမဲ့ ဒီမေးခွန်းကို လွှတ်တော်ဥက္ကဋ္ဌက ပယ်ချခဲ့ပါတယ်၊ ကျမတို့လည်းတင်တယ် အခြားလွှတ်တော် ကိုယ်စားလှယ်တွေလည်း တင်တယ်၊ ဒါပေမဲ့ လွှတ်တော်ဥက္ကဋ္ဌတွေက ဒါကိုပယ်ချတဲ့အတွက် ဒါကိုလွှတ်တော်မှာ ဆွေးနွေးဖို့ အခြေအနေအထိ ရောက်မလာခဲ့ပါဘူး၊ ဒီလိုမျိုး အင်တာနက်ဖြတ်တောက်ထားတဲ့ကိစ္စဟာ လွှတ်တော်မှာ တောင် ဆွေးနွေးခွင့်မရတဲ့ အခြေအနေပါ၊ ဒါကြောင့်လွှတ်တော်က သတ်မှတ်ထားတဲ့ ကိုယ်စားပြုမှုတွေကို ကျမတို့ ကိုယ်စားမပြုနိုင်ပါဘူး၊ တိုင်းရင်းသားဒေသတွေကို လုံးဝဂရုမစိုက်တဲ့သဘောမျိုး ဖြစ်နေပါတယ်၊ ဒါဟာဘာကိုပြသလဲဆိုရင် ပြည်သူများ ကိုယ်စားပြုလိုက်တဲ့ ကိုယ်စားလှယ်များနဲ့ ပြည်သူတွေရဲ့အသံကို လွှတ်တော်ကနားမထောင်ဘူးဆိုတဲ့ သဘောသဘာဝဖြစ်နေပါတယ်။"
အင်တာနက် ဖြတ်တောက်ထားတာတွေကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ညနေအထိ တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်း မရှိသေးပါဘူး။
ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ အခြေအနေပေါ် မူတည်ပြီး တိုက်ပွဲတွေ လျော့နည်းသက်သာလာမှသာ အင်တာနက် ပြန်ဖွင့်ဖို့ကို စဉ်းစားမှာ ဖြစ်တဲ့အပြင် ဆက်သွယ်ရေး ဥပဒေအရ အများပြည်သူအကျိုးကို မထိခိုက်ဘူးလို့ သုံးသပ်နိုင်တဲ့ အချိန်မှသာ အင်တာနက် ပြန်ဖွင့်ပေးမှာဖြစ်ပြီး လောလောဆယ် သြဂုတ်လ ၁ ရက်နေ့ထိ အင်တာနက် ဖြတ်တောက်ထားမယ် လို့ ဇွန်လ ၁၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ မြို့နယ် ကိုးခုကို အင်တာနက် ဖြတ်တောင်ခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက်နေ့မှာ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပေမယ့် ၂၀၂၀ ပြည်နှစ် ဖေဖော်ဝါရီ ၃ ရက်နေ့ ငါးလ အကြာမှာ ပြန်လည်ဖြတ်တောက်ခဲ့ပါတယ်။
ဒါပေမဲ့ မေလ ၉ ရက်နေ့ကတော့ မောင်တောမြို့နယ်ကို အင်တာနက် ပြန်ဖွင့်ပေးခဲ့ပြီး ကျန်တဲ့မြို့နယ်တွေကို ဆက်ပိတ်ထားတာ ၂၀၂၀ ဇွန်လ ၂၁ ရက် ဒီနေ့မှာ တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။