ရေဘေး ပြန်လည်ထူထောင်ရေး ကော်မတီတွေ ဖွဲ့စည်းမည်

နိုင်ငံတစ်ဝှမ်းက ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းရေး ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။

ဘားအံမြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်နေတာကို ၂၀၁၈၊ သြဂုတ် ၂ ရက်နေ့က တွေ့ရစဉ် Photo: Thant Zin Oo/ RFA

နိုင်ငံတစ်ဝှမ်းက ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းရေး ကော်မတီတွေ ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ညှိနှိုင်းရေးကော်မတီဖွဲ့ဖို့ စီစဉ်တာလို့ ဒုတိယ ဝန်ကြီး ဦးစိုးအောင် က ပြောပါတယ်။

"အမျိုးသားအဆင့်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းပေါ့၊ ညှိနှိုင်းရေးကော်မတီဆိုတာ ဖွဲ့ဖို့ရှိပါတယ်၊ လုပ်ငန်း တွေ တစ်ယောက်နဲ့ တစ်ယောက် အချိတ်အဆက်မိမိရှိဖို့ရယ်၊ ပြည်ထောင်စုအဆင့်ရယ်၊ ရေဘေးသင့်ဒေသ မှာရှိတဲ့ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့တွေ၊ ကျန်တဲ့ဌာနဆိုင်ရာတွေရော လူမှုအဖွဲ့အစည်းတွေရော အားလုံးပေါင်းစပ်ပြီးတော့မှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်ကို ညှိနှိုင်းပေးဖို့ပေါ့၊ မြန်မြန်ဆန်ဆန်နဲ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ညှိနှိုင်းရေးကော်မတီ ဖွဲ့ဖို့ စီစဉ်တာပါ၊ နိုင်ငံတကာ အကူအညီတွေယူရဖို့ လိုလာမယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဌာနတို့ ဒါတွေပါလာမယ်၊ ပြန်လည်ထူထောင်ရေးပိုင်းကို ကျနော်တို့ မြန်မြန်ဆန်ဆန်လုပ်ဖို့ စီစဉ်ထားပါတယ်"

အဲဒီကော်မတီမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေ ပါဝင်မှာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို သတင်းအချက်အလက်တွေ ကောက်ယူသွားမှာ ဖြစ်ပါတယ်။

ရရှိလာမယ့် အချက်အလက်တွေပေါ် မူတည်ပြီး ချက်ချင်း အကောင်အထည်ဖော်ရမယ့် ဦးစားပေးလုပ်ငန်းတွေ ထပ်မံသတ်မှတ်ပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဒုတိယ ဝန်ကြီး ဦးစိုးအောင် က ပြောပါတယ်။

ရေဘေးသင့် ပြည်သူတွေရဲ့ အိုးအိမ်၊ စည်းစိမ် ပျက်စီးဆုံးရှုံးမှုတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး မွေးမြူရေးနဲ့ လူမှုရေးပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ပဲခူး၊ ကရင်၊ မွန် နဲ့ တနင်္သာရီ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ ရေဘေးသင့် လူဦးရေ ၅ သောင်းနီးပါး ကျန်ရှိနေပါတယ်။ ရေဘေးသင့်ဒေသတွေက စာသင်ကျောင်းအတော်များများလည်း ပိတ်ထားရပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ဇွန်လကနေ လက်ရှိအချိန်အထိ နိုင်ငံတစ်ဝှမ်းမှာ စိုက်ပျိုးမြေဧကပေါင်း ၁၁ သိန်း ကျော် ရေလွှမ်းခံရပြီး ဧက ၃ သိန်းကျော် ပျက်စီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org