စစ်ကြောင်းထိုးလို့ ရေဦးမြို့နယ် ရွာရှစ်ရွာက ဒေသခံသုံးထောင်ကျော် ထွက်ပြေးရ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့် ဇန်နဝါရီ ၁၅ ရက်မှာ အရပ်သားသုံးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
-
RFA Burmese
2024-01-15 -
-
-
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေတာကြောင့် ဇန်နဝါရီလ ၁၅ ရက်မှာ ကျေးရွာရှစ်ရွာက အရပ်သားသုံးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ရေဦးမြို့နယ် People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။
"ရေဦးမြို့နယ်၊ အနောက်ဘက်ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ပစ်ခတ်နေတာပါ။ ခလရ (၁၁) နဲ့ ခမရ (၇၀၈) တပ်က စစ်ကောင်စီအဖွဲ့တွေဖြစ်ပါတယ်။ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ပါ။ လက်နက်ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်နေတာပါ"
ဇန်နဝါရီလ ၁၅ ရက်၊ မနက် ၆ နာရီခွဲအချိန်မှာ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ - ၁၁ နဲ့ ခြေမြန်တပ်ရင်း ခမရ - ၇၀၈ တွေက စစ်ကြောင်းထိုးနေတာလို့ ပြောပါတယ်။
ဒါကြောင့် ငြုတ္တုံ ၊ မုတ်စီ၊ ပြည်တော်၊ မူးဆုံ၊ ရွာမိဿာ၊ အောင်သာ၊ ပျော်ဘွယ်၊ မစိုးရိမ် စတဲ့ရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း၊ စစ်ကောင်စီပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂.၆ သန်း ကျော် ရှိလာပြီဖြစ်ပါတယ်။