ရိုက်တာသတင်းထောက် ၂ ဦး လွတ်ဖို့ အမေရိကန်မျှော်လင့်

နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲခံနေရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးကို အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးလိမ့်မယ်လို့ အမေရိကန်အစိုးရ က မျှော်လင့်နေကြောင်း အမေရိကန်သံအမတ်ကြီး နစ်ကီဟေလီက ပြောလိုက်ပါတယ်။

၂ဝ၁၈ သြဂုတ်လ ၂၈ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟေလီ ပြောကြားနေစဉ်။ (Photo: Dominick Reuter/ AFP)

နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲခံနေရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးကို အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးလိမ့်မယ်လို့ အမေရိကန်အစိုးရက မျှော်လင့်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟေလီက လုံခြုံရေးကောင်စီမှာ ပြောလိုက်ပါတယ်။

ဘယ်ဒီမိုကရေစီစနစ်မှာမဆို လွတ်လပ်ပြီး တာဝန်သိတဲ့ သတင်းမီဒီယာတွေရှိဖို့ အရေးကြီးကြောင်းလည်း နစ်ကီဟေလီက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း... ကြေကွဲဖွယ် အဖြစ်အပျက်ကို သတင်းပေးပို့ခဲ့ကြတဲ့ သတင်းထောက်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်ပြီး ဖိအားပေး ဆောင်ရွက်ကြရပါမယ်လို့ ပြောပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အစိုးရ သတင်းအချက်အလက်တွေ တရားမဝင် ရယူထားမှုနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖမ်းဆီး တရားစွဲဆိုထားတာပါ။

သူတို့အမှုကို ၉ လကြာ စစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့တဲ့တနင်္လာနေ့က အမိန့်ချမှတ်ဖို့ ချိန်းဆိုထားပေမယ့် တရားသူကြီးရဲ့ ကျန်းမာရေးအရဆိုပြီး စက်တင်ဘာလ ၃ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကတော့ သူတို့ဟာ သတင်းအလုပ် လုပ်နေကြသူတွေဖြစ်ပြီး အပြစ်မရှိကြာင်း၊ သူတို့ကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org