သံအမတ်ကြီး နှစ်ဦးအပါအဝင် ၁၇ ဦးကို နိုင်ငံသားအဖြစ်ကနေ စစ်ကောင်စီ ရပ်စဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် ၁၇ ဦးကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း စစ်ကောင်စီက ဧပြီ ၁ရက်နေ့က ကြေညာလိုက်ပါတယ်။

၂ဝ၂၂ ခုနှစ် ဧပြီ ၁ရက်နေ့မှာ နိုင်ငံသားအဖြစ်ကနေ ရပ်စဲခံရသူတချို့။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် ၁၇ ဦးကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း စစ်ကောင်စီက ဧပြီ ၁ရက်နေ့က ကြေညာလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းအပြင် ဝါရှင်တန်ဒီစီမြို့ မြန်မာသံရုံး က ဝန်ထမ်းတွေဖြစ်တဲ့ ပထမအတွင်းဝန် ဦးမောင်မောင်လတ်၊ ဦးကျော်စွာထွန်း၊ ဒေါ်သက်ထားမြရည်စံ၊ ဒေါ်ကြူကြူမြင့်၊ ဒေါ်စုစုအောင် တို့ ပါဝင်ပါတယ်။

ဒီသံရုံးဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့် နိုင်ငံတကာမှာ အသိအမှတ်ပြုခံချင်တဲ့ စစ်ကောင်စီအတွက် ထိရောက်မှုရှိလို့ အခုလို တုံ့ပြန်တာလို့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ဦးကျော်စွာထွန်းက ပြောပါတယ်။

“ကျွန်တော်တို့ လုပ်ဆောင်ချက်က အောင်မြင်ထိရောက်တယ်လို့ ခံယူတယ်။ ကျွန်တော်တို့ လုပ်ဆောင်ချက်က ထိရောက်မှု မရှိဘူးဆိုရင် သူတို့ ကျွန်တော်တို့ကို ဒီလိုလုပ်နေစရာ မရှိပါဘူး၊ သူတို့စပြီး အာဏာသိမ်း ကတည်းက တရားမဝင်ဖြစ်တဲ့အတွက်ကြောင့် သူတို့ထုတ်ပြန်ချက်တွေက သူတို့အပေါ်မှာ ဘာခံစားချက်မှမရှိဘူး၊ ကျွန်တော်တို့က မြန်မာနိုင်ငံသားအဖြစ် တောက်လျှောက်ခံယူပြီးသားဖြစ်တဲ့အတွက် ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်မှုလည်းမရှိပါဘူး၊ ကျွန်တော်တို့လုပ်ဆောင်ချက်က ၁ဝဝ ရာခိုင်နှုန်းသက်ရောက်မှု ရှိတယ်လို့မြင်တယ်။ အခုလက်ရှိ နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီဘက်က ခြေတစ်လှမ်းတောင် မချနိုင်ပါဘူး။ ကျွန်တော်တို့ဘက်က သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်ပြီး နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံသားတွေကိုယ်စား တောက်လျှောက်တင်ပြနေတာ အာဏာသိမ်းကတည်းက လက်ရှိအချိန်ထိ တစ်နှစ်ကျော်ကြာသွားတဲ့အချိန်အထိ အောင်မြင်နေတယ်လို့ ပြောလို့ရပါတယ်။”

လော့စ်အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ဒေါ်မြတ်သွယ်အောင်၊ ဦးအောင်ကျော်နိုင်၊ ဒေါ်မြမြကြည်၊ လန်ဒန်မြန်မာသံရုံးက ဒေါ်ယမင်းယုတို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရာမှာ ပါဝင်တဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဒေါင်း၊ ဟန်ထူးလွင်၊ မေဦး၊ ဟန်လင်း တို့လည်း နိုင်ငံသားအဖြစ် ရပ်စဲခံရတာဖြစ်ပါတယ်။ စာရေးဆရာ ညီညီ(သရဝဏ်-ပြည်) လည်း ပါဝင်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက NUG ဝန်ကြီးတချို့နဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတချို့ကို မတ်လဆန်းကစပြီး နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း လူသိရှင်ကြား ကြေညာနေတာ အခုဆိုရင် ၃၃ ယောက်ရှိပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org