RFA သတင်းထောက်အမှု မီဒီယာကောင်စီ ကြားဝင်ဆောင်ရွက်တာ ရဲစခန်းလက်မခံ

RFA မကွေးသတင်းထောက် ဦးမြင့်ဇော်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့်ထားတဲ့အပေါ် သတင်းမီဒီယာကောင်စီက ကြားဝင် ညှိနှိုင်းဖို့ကြိုးစားခဲ့ပေမယ့် ကမာရွတ်မြို့နယ် ရဲစခန်းက လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။

RFA မကွေးသတင်းထောက် ဦးမြင့်ဇော်ဦး ကို ၂၀၁၈ နိုဝင်ဘာလ ၉ ရက်နေ့က ကမာရွတ်မြို့နယ်ရဲစခန်းမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

RFA မကွေးသတင်းထောက် ဦးမြင့်ဇော်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့်ထားတဲ့အပေါ် သတင်းမီဒီယာကောင်စီက ကြားဝင် ညှိနှိုင်းဖို့ကြိုးစားခဲ့ပေမယ့် ကမာရွတ်မြို့နယ် ရဲစခန်းက လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကနေ သတင်းမီဒီယာဥပဒေအရ ဖြေရှင်းဖို့ စာရေးအကြောင်းကြားပြီး ညှိနှိုင်းပေးဖို့ ကြိုးစားပေမယ့် ဥပဒေအတိုင်းဘဲ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ဒီနေ့ပြောလိုက်ပါတယ်။

ဦးမြင့်ဇော်ဦးအမှုဟာ တရားရုံးမရောက်သေးတဲ့ အမှုဖြစ်တာကြောင့် တရားရုံးမှာ သတင်းသမားတွေနဲ့ ပတ်သက်တဲ့ အမှုတွေ မလိုလားအပ်ဘဲ မရှိရအောင် ကောင်စီအနေနဲ့ ကြားဝင်ညှိနှိုင်းဖြေရှင်းဖို့ အသင့်ရှိကြောင်းကို သတင်း မီဒီယာကောင်စီက ဒီနေ့မနက်က ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးဆီ အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ သတင်း မီဒီယာကောင်စီ အတွင်းရေးမှူး တဦးဖြစ်တဲ့ ဦးမြင့်ကျော်က RFA ကိုပြောပါတယ်။

ဦးမြင့်ဇော်ဦးဟာ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ သူကိုဆက်သွယ်ရေးပုဒ်မ ၆၈ (က) အမှုဖွင့်ထားတာကို ဒီနေ့ လာရောက်အစစ်ဆေးခံခဲ့ပြီး သူ့ကို ကျပ်သိန်း တစ်ရာနဲ့ အာမခံပေးလိုက်ပါတယ်။

RFA သတင်းထောက် ဦးမြင့်ဇော်ဦးကို  ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားစွဲဆိုထားတဲ့အမှုကို ဒီနေ့ ကမာရွတ်မြိုနယ် ရဲတပ်ဖွဲ့ရုံးမှာ သွားရောက်စစ်ဆေးခံခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာဘဲ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးမြင့်ဇော်ဦးအမှုကို ကြားဝင်စေ့စပ်ဖြေရှင်းပေး မယ်ဆိုပြီး ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူးထံ စာပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီကိစ္စကို ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးဖို့ ကြိုးစားခဲ့တဲ့အကြောင်းကို ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က အခုလို ပြောပါတယ်။

"ကောင်စီကတော့ ဒီဟာက တရားရုံးမှာလည်း အမှုမဖွင့်သေးခင်မှာဆိုတော့ ကောင်စီက ကြားဝင်ဆောင်ရွက် ဖို့အတွက် ရဲစခန်းကစခန်းမှူးကိုတော့ ကောင်စီကို လာရောက်တွေဆုံဖို့ ဖိတ်ကြားထားတယ်ပေါ့နော်၊ စာကိုမနက်က ကောင်စီ သွားပို့ထားတယ်၊ ကောင်စီက ကြားဝင်ဆောင်ရွက်ပေးဖို့ အဆင့်သင့်ရှိတယ်၊ နောက်တစ်ခုက မလိုအပ်ဘဲနဲ့ သတင်းမီဒီယာသမားတွေနဲ့ ပတ်သက်တဲ့အမှုကိစ္စတွေ ထပ်ပြီးတော့ တိုးပွားလာမှာကို မလိုလားတဲ့သဘောပေါနော်"

ဒီလို သတင်းမီဒီယာကောင်စီက စာရေးပို့ပေမယ့် ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ တရားလို ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး သိန်းဟန် ကပြောပါတယ်။

"ဒီအမှုဟာ သူ့ကို အာမခံပေးရမယ့်ဟာဖြစ်တဲ့အတွက် အာမခံပေးမယ်၊ ဒါကို ကျနော်တို့က ဥပဒေနဲ့အညီပဲ ဆောင်ရွက်မှာဖြစ်ပါတယ်"

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကော်မတီအသစ်ကို ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် ဖွဲ့စည်းပြီး လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

သတင်းမီဒီယာ ဥပဒေအရ သတင်းသမားတွေကို အရေးယူခြင်းမရှိဘဲ ဆက်သွယ်ရေးဥပဒေနဲ့ပဲ တရားဆက်စွဲဖို့ ရဲစခန်းက ဆုံးဖြတ်တာနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတယ်လို့ ရန်ကုန်သတင်းသိပ္ပံကျောင်းတည်ဆောင်သူ သတင်းစာဆရာ ဦးရဲနိုင်မိုး က ပြောပါတယ်။

"အခုနောက်ပိုင်းမှာတော့ MPC က ပိုပြီးတော့ မြန်မြန်ဆန်ဆန်ဆောင်ရွက်တော့ အရင်ကထက် အလုပ်လုပ် တာတွေ့ရတယ်၊ တစ်ခုပဲ သူတို့လုပ်ပိုင်ခွင့်နဲ့ သူတို့ရပ်တည်ချက်ကို အစိုးရဌာနတွေက အသိအမှတ်မပြုတာ သတင်းမီဒီယာဥပဒေကိုသုံးစွဲပြီး ဆောင်ရွက်မယ်ဆိုလည်းရတယ်ဗျာ၊ တကယ်တမ်းဖြစ်သင့်တာက သတင်းမီဒီယာကောင်စီကပဲ တဆင့်သွားသင့်တာ ပြီးတော့ လူကြီးလူကောင်းဆန်ဆန် မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်ရင်ပြီးသွားရမယ့်ကိစ္စဖြစ်တယ်၊ မြန်မာသတင်းမီဒီယာကောင်စီကို ဥပဒေအရဖွဲ့ပေးထားပြီးတော့ အစိုးရဌာနတွေက လက်မခံတာတွေ့ရတော့ အဲဒါကို တော်တော်စိတ်မကောင်းဖြစ်မိတယ်"

ဦးမြင့်ဇော်ဦး (ခေါ်) ဦးဇော်တူးဟာ သူ့ကိုယ်ပိုင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ဖြစ်တဲ့ Myint zaw oo အကောင့်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က "ရန်ကုန်တက္ကသိုလ်ထဲမှာ ဗုံးပေါက်တယ်ဆိုတာဟုတ်လား" ဆိုပြီး မေးမြန်းတဲ့ သဘောနဲ့  စာရေးသားပြီး တင်ခဲ့တာပါ။

သူအနေနဲ့ သဘောရိုးနဲ့ သိလိုတဲ့ ဆန္ဒကြောင့်မေးမြန်းလိုက်တာဖြစ်ပြီး အခုလိုတရားစွဲဆိုတဲ့အတွက် သတင်းသမားတွေကို စောင့်ကြည်နေသလိုဖြစ်နေတယ်လို့ ဦးမြင့်ဇော်ဦး က ပြောပါတယ်။

"ကျနော်က သတင်းမီဒီယာကျင့်ဝတ်နဲ့နေတယ်၊ ကျနော့်ကို ကျနော်လုံခြုံတယ်လို့ထင်တာပေါ့နော်၊ သတင်းတွေ မှာလည်း အမှားမရှိခဲ့ဘူး အခုကျဘယ်လိုခံစားရလည်းဆိုတော့ တကယ်တမ်းကျတော့ သတင်းသမားတွေက မလုံခြုံပါလားဆိုပြီး ခံစားရတယ် ဘာလိုလည်းဆိုတော့ ကျနော်တို့ကို စောင့်ကြည်နေတယ်လို့မြင်တယ်၊ ဒါဆိုအခုထက်ပိုပြီး သတိထားနေရမှာပေါ့ အမှားမဖြစ်အောင် သတိထားရမယ်၊ အခုလည်း အမှားလုပ်တာ မဟုတ်ဘူး၊ သိချင်တဲ့ကိစ္စလေးကို သွေးရိုးသားရိုးမေးလိုက်တာပဲ၊ ဒါကို သူုတို့အပြောအရတော့ လူကြီးအမြင်မှာ ထိတ်လန့်ဖွယ်ရာ သတင်းအမှားဖြစ်နေတယ်ဆိုပြီးတော့ သူတို့က အမှုဖွင့်ခိုင်းလို့ အမှုဖွင့်ရတာလို့ အဲလိုကျနော့် ကိုပြောတယ်"

ဒီလိုရေးသားခဲ့တဲ့အတွက် ကမာရွတ်မြို့နယ်ရဲစခန်းက ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း သွားရောက် စစ်ဆေးခဲ့ရာမှာ ဘာမှမတွေ့ရှိခဲ့ကြောင်းနဲ့ ဒီလိုစာသားရေးသားခဲ့တာဟာ အထိတ်တလန့်ဖြစ်စေတဲ့အတွက် အမှုဖွင့် တရားစွဲဆို တာဖြစ်ကြောင်း တရားလို ရဲမှူး သိန်းဟန်က ပြောပါတယ်။

၆၈ (က)တရားစွဲဆိုခံရတဲ့ ဦးမြင့်ဇော်ဦးကို ပထမဆုံးအကြိမ် ကမာရွတ်ရဲစခန်းမှာစစ်ဆေးခဲ့ပြီး လက်ရှိအခြေ အနေမှာ ကျပ်သိန်းတစ်ရာနဲ့ အာမခံပေးလိုက်တယ်လို့ ရှေ့နေဦးသန်းဇော်အောင်က ပြောပါတယ်။

"ဒီနေ့က ရဲစခန်းကခေါ်လို့ ကိုမြင့်ဇော်ဦးကလာတယ်၊ ပြီးတော့ ရဲထွက်ချက်ပေးတယ် အာမခံလူနှစ်ယောက် ကိုရဲနိုင်မိုးနဲ့ အမတယောက်နဲ့က ရဲအာမခံပေးတယ်၊ ဒီအမှုက ကျနော်မြင်သလောက်ပြောရရင်သူက ဖေ့စ်ဘွတ် မှာ ပို့စ်တင်ပြီးတော့ ဗုံးကွဲတဲ့သတင်းဟုတ် မဟုတ်ကို ကွန်ဖန်းလုပ်တာ မေးတာ ဒီဟာတကယ်ဖြစ်ပါပြီ ပြောတာလည်း မဟုတ်ဘူး ဖြစ်နေပြီ ပြောတာလည်းမဟုတ်ဘူး"

လက်ရှိမှာ ဦးမြင့်ဇော်ဦးကို ရဲလုပ်ထုံးလုပ်နည်းအရ သူကိုစစ်ဆေးမေးမြန်းတာတွေ၊ ပြစ်မှုမြောက် မမြောက် စစ်ဆေးတာတွေပြုလုပ်ပြီး တိုင်းဥပဒေရုံးကတဆင့် စွဲချက်တင်သင့်၊ မသင့်ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးနဲ့ ကိုသန့်ဇင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org