မြန်မာအစိုးရက ဆန်တန်ချိန် တစ်သန်းခွဲ ဝယ်ယူမည်

နိုင်ငံခြားကို ဆန်တင်ပို့ နိုင်ရေးနဲ့ တောင်သူလယ်သမားတွေ အတွက် ဆန်ဈေးကွက် ပေါ်ပေါက်လာရေး ဖန်တီးတဲ့ အနေနဲ့ မြန်မာအစိုးရက ဆန်တန်ချိန် ၁ သန်းခွဲ ဝယ်ယူဖို့ ဆွေးနွေး နေတယ်လို့ နေပြည်တော် အစိုးရ ဝန်ကြီးဌာနတွေနဲ့ နီးစပ်သူ တဦးက အာအက်ဖ်အေကို ပြောပါတယ်။

ကုန်ကားပေါ်သို့ ဆန်အိတ်များ တင်နေသော ပခုံးထမ်း အလုပ်သမားများ ဖြစ်ပါသည်။ (Photo: AFP)

အဲဒီလို ဆန်တန်ချိန် ၁ သန်းခွဲ ဝယ်ယူရာမှာ ပုဂ္ဂလိက ကုမ္ပဏီတွေ ကနေတဆင့် ဝယ်ယူဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။

ဆန်ဝယ်ယူရာမှာ ဈေးနှုန်း ဘယ်လောက် သတ်မှတ် ပေးမလဲဆိုတာနဲ့ တောင်သူလယ်သမားတွေနဲ့ ကြားခံ ပုဂ္ဂလိက ကုန်သည်တွေကြား အရောင်းအဝယ် ချောမွေ့အောင် ဘယ်လို ဆောင်ရွက်မလဲ ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီနှစ်ဟာ ရာသီဥတု ကြောင့်ရော ဈေးကွက် မကောင်းတာ ကြောင့်ပါ လယ်သမားတွေ အခက်အခဲ ကြုံနေရတယ်လို့ ဆိုပါတယ်။

အရင်နှစ်က နွေစပါး တင်းတစ်ရာကို မြန်မာကျပ်ငွေ ၃ သိန်းဝန်းကျင် ရှိခဲ့ရာကနေ လက်ရှိ ဒီနှစ် ပေါက်ဈေးက တင်းတစ်ရာကို ၂ သိန်း ၂ သောင်း ဝန်းကျင်သာ ရှိတော့တယ်လို့သိရပါတယ်။

ဒါပေမယ့် အဲဒီလို အစိုးရက ဆန်ဝယ်ယူဖို့ ပြင်ဆင်နေတယ် ဆိုသော်လည်း မြန်မာအစိုးရမှာ ဆန် အလုံးအရင်း နဲ့ သိုလှောင် ထားနိုင်မယ့် ခေတ်မီဂိုဒေါင် အလုံအလောက် မရှိသလို၊ မြန်မာနိုင်ငံက ဆိပ်ကမ်းတွေ ဟာလည်း ဆန် အလုံးအရင်းနဲ့ တင်ပို့ နိုင်ဖို့အတွက် အဆင့်မမီ သေးဘူးလို့ပြောဆို နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org