ပြည်ပဆန်တင်ပို့သူများ သုံးတန်ကို တစ်အိတ်နှုန်းသာ အရန်ဆန် ပေးသွင်းရတော့မည်
အရန်ဆန်ပေးသွင်းမှုကို နိုဝင်ဘာအတွင်း စတင်မှာဖြစ်ပြီး ပို့ကုန်လိုင်စင်လျှောက်ထားတဲ့ ပြည်ပပို့မယ့် ဆန်တန်ချိန်အပေါ် သုံးတန်ကို တစ်အိတ်နှုန်းနဲ့ တွက်ချက်ပြီး ပေးသွင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။
-
RFA Burmese
2023-11-08 -
-
-
ပြည်ပကို ဆန်တင်ပို့နေသူတွေအနေနဲ့ ဆန်သုံးတန်ကို တစ်အိတ်နှုန်းနဲ့ ပို့ကုန်အခြေပြု အရန်ဆန်ပေးသွင်းဖို့ ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က နိုဝင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အရင်က ပြည်ပကို ဆန်တစ်တန်တင်ပို့တိုင်း တစ်အိတ်နှုန်း အရန်ဆန်အဖြစ် ပေးသွင်းခဲ့တာပါ။
အခုလို အရန်ဆန်ပေးသွင်းမှုကို လက်ရှိ နိုဝင်ဘာလအတွင်း စတင်မှာဖြစ်ပြီး ပို့ကုန်လိုင်စင်လျှောက်ထားတဲ့ ပြည်ပပို့မယ့် ဆန်တန်ချိန်အပေါ် သုံးတန်ကို တစ်အိတ်နှုန်းနဲ့ တွက်ချက်ပြီး ပေးသွင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပေးသွင်းရမယ့် အရန်ဆန်ရဲ့ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ဆန်သိုလှောင်ရုံဆီ တစ်ပတ်အတွင်း ပေးသွင်းရမှာဖြစ်ပြီး ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကိုတော့ စာရင်းမှတ်ထားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အရင်ကတော့ ဆန်တစ်တန်ကို တစ်အိတ်နှုန်း ပေးသွင်းကြရတာဖြစ်ပြီး အခုတော့ သုံးတန်ကိုမှ တစ်အိတ်နှုန်း ပြောင်းလဲ သတ်မှတ်လိုက်တာလို့ ဆန်စပါးကုန်သည်အသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အရင်ကတော့ တစ်တန် တစ်အိတ်နှုန်းဗျ။ လက်ရှိကတော့ သုံးတန်ကို တစ်အိတ်နဲ့ အရန်ဆန်အဖြစ် ပေးသွင်း ရတော့မှာပေါ့။ ၇၅ ရာခိုင်နှုန်း မှတ်ထားမယ်ဆိုတာက ဆန်အိတ်တစ်ရာဆိုရင် ၂၅ အိတ်က ချက်ချင်း သွင်းပေးပေါ့။ ၇၅ ရာခိုင်နှုန်းကတော့ စာရင်းမှတ်ထားတာပေါ့။ နောက်လိုအပ်ရင် ပြန်ရောင်းပေးဖို့။ အကယ်၍ တန်သုံးရာလျှောက်ရင် သုံးတန်တစ်အိတ်နှုန်းဆိုရင် အိတ်တစ်ရာ သွင်းပေးရမှာပေါ့။ အဲဒီအိတ်တစ်ရာမှာမှ ၂၅ အိတ်ကို အရင် သွင်းပေးထားပေါ့။ ကျွန်တော်တို့ကလည်း အကုန်ဆိုရင် ထားဖို့နေရာတို့၊ ဝယ်ဖို့သူတို့ကို နည်းနည်း ပြန်ချိတ်ရတဲ့အတွက် အဲဒီလိုပြန်စီစဉ်တာပါ”
အဲဒီအရန်ဆန်တွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြန်ဝယ်ထားတာဖြစ်ပြီး ဆန်ဈေးတက်တာနဲ့ ဆန်အရေးပေါ် လိုအပ်လာခဲ့ရင် အဲဒီနေရာတွေမှာ သုံးဖို့အတွက် အရန်ဆန်အဖြစ် စုဆောင်းထားတဲ့သဘော ဖြစ်တယ်လို့ ဆိုပါတယ်။
တစ်ပတ်အတွင်း ပေးသွင်းကြမယ့် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းမီ အရန်ဆန်တစ်အိတ်ရဲ့ ဈေးနှုန်းကို နိုဝင်ဘာလ တစ်လတည်းအတွက် တစ်အိတ်ကို ကျပ်ခြောက်သောင်းကျော် ( ၆၂,၀၀၀ ကျပ်) သတ်မှတ်ထား တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်စပြီး လိုင်စင်ကြိုတင်စစ်ဆေးပြီးတဲ့ (Pre License Inspection) ပြည်ပဆန်တင်ပို့မယ့် ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်လိုင်စင်လျှောက်ထားခြင်းအပေါ် အရန်ဆန်ပေးသွင်းတာကို သတ်မှတ်ပုံစံနဲ့ တင်ပြလျှောက်ထားရမယ်လို့ ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံကနေ ဆန်နဲ့ ဆန်ကွဲကို အဓိကအနေနဲ့ တရုတ်နိုင်ငံနဲ့ အင်ဒိုနီးရှားကို တင်ပို့နေပြီး မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဥရောပနိုင်ငံတွေကိုလည်း တင်ပို့ရောင်းချနေတာပါ။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆန်မက်ထရစ်တန်ချိန် ရှစ်သောင်းကျော် (၈၀,၁၁၅)နဲ့ ဆန်ကွဲ မက်ထရစ် တန်ချိန် လေးသောင်းနီးပါး (၃၉,၄၁၁) တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ တစ်လအတွင်းမှာတင် ပြည်ပကို ဆန်နဲ့ ဆန်ကွဲ စုစုပေါင်း မက်ထရစ်တန်ချိန် တစ်သိန်းကျော် (၁၁၉,၅၂၆) တင်ပို့ရောင်းချခဲ့တာပါ။
၂၀၂၃ - ၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အောက်တိုဘာလဟာ ကျန်တဲ့လတွေထက် ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှု အများဆုံးလဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာကုန်အထိ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှု မက်ထရစ်တန်ချိန် ခြောက်သိန်းနီးပါး (၅၈၃,၆၈၃) ရှိပြီး ကန်ဒေါ်လာ ၂၇၁ သန်းကျော် ရရှိထားတယ်လို့ MRF က ထုတ်ပြန်ထားပါတယ်။