သတ်မှတ်ထားတဲ့ စပါးရည်ညွှန်းဈေး ပြင်ပစျေးကွက်နဲ့ လက်တွေ့မကျ

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ဦးဆောင်ရေးအဖွဲ့ဟာ စပါးတင်းတစ်ရာကို အခြေခံရည်ညွှန်းဈေး ငွေကျပ် ၇၅၀,၀၀၀ သတ်မှတ်တယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့ သတင်းစာကနေ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း၊ ဒလမြို့နယ်က လယ်သမားများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ဦးဆောင်ရေး အဖွဲ့ဟာ စပါးတင်းတစ်ရာကို အခြေခံရည်ညွှန်းဈေး ငွေကျပ် ၇၅၀,၀၀၀ သတ်မှတ်တယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ သတင်းစာကနေ ထုတ်ပြန်ပါတယ်။

ဝယ်ယူသွားမယ့် စပါးတွေဟာလည်း အစိုဓာတ် ၁၄ ရာခိုင်နှုန်းနဲ့ ဖုန်၊ သဲ၊ ခဲ ကင်းရှင်းတဲ့ အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်းအတွင်းက အမည်မဖော်လိုတဲ့ တောင်သူတစ်ဦးကတော့ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးဟာ ပြင်ပပေါက်ဈေးထက် ပိုနည်းနေသလို သွင်းအားစုကုန်ကျစားရိတ်နဲ့ မကာမိဘူးလို့ RFA ကိုပြောပါတယ်။

"အပြင်မှာ ဆန်ကြမ်းတင်းတစ်ရာကို ၁၃ သိန်း၊ ဆန်ချောကတော့ ၁၈ သိန်းအထိ ပေါက်တယ်၊ ဆိုတော့ သူတို့ သတ်မှတ်ထားတာ သူတို့အတွက်ကျန်အောင်လားလို့ မေးချင်တယ်။ ဒီဟာက သတ်မှတ်ထားတာပဲ ရှိတာ၊ သူတို့ဆီမှာ မရောင်းရင်လည်း ရတော့ ကျွန်တော်တို့က တခြား စပါးဒိုင်တွေမှာပဲ လက်ရှိပေါက်ဈေးနဲ့ရောင်းတယ်။ ၇၅၀,၀၀၀ ဆိုတဲ့ ဈေးနှုန်းကတော့ နည်းတယ်"

၂၀၂၂ ခုနှစ် ရည်ညွှန်းစျေးဟာလည်း စပါးတင်းတစ်ရာကို ငွေကျပ်ငါးသိန်းကျော်သာ ရှိခဲ့တာကြောင့် တောင်သူလယ်သမား အများစုဟာ ဈေးပိုရတဲ့ပြင်ပကုန်သည်တွေထံမှာပဲ ရောင်းချကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ဓာတ်ဆီ၊ ဒီဇယ်နဲ့ ဓာတ်မြေဩဇာဈေးနှုန်းတွေ ထက်ဝက်မက တက်သွားတာကြောင့် လယ်တစ်ဧကကို သွင်းအားစုကုန်ကျငွေ ငွေကျပ်ရှစ်သိန်းကနေ ကိုးသိန်းအထိ ရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။

ထုတ်ပြန်ချက်မှာတော့ လက်ရှိရည်ညွှန်းထားတဲ့ စပါးဈေးဟာ အခုနှစ်မိုးစပါးနဲ့ လာမယ့် ၂၀၂၄ ခုနှစ် နွေစပါးအတွက် ရည်ရွယ်သတ်မှတ်ထားတာလို့ ဖော်ပြထားသလို ဈေးကွက် ပေါက်ဈေးဟာ ရည်ညွှန်းစျေးအပေါ်မှာရှိရင် ပေါက်ဈေးအတိုင်း ဝယ်ယူဖို့နဲ့ ရည်ညွှန်းဈေး အောက်မှာ ရှိနေရင် ရည်ညွှန်းဈေးအတိုင်းသာ ဝယ်ယူဖို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org