ဒေါ်လာစျေးကို အခွင့်ကောင်းယူပြီး ဆန်စျေးတင်မရောင်းဖို့ ဆန်စပါးအသင်းချုပ်ပြော

အမေရိကန်ဒေါ်လာ သတ်မှတ်ချက်ပြောင်းလဲမှုကို အခွင့်ကောင်းယူပြီး ပြည်တွင်းဆန်စပါးစျေးကွက်ပျက်အောင် ဆန်စျေးနှုန်းကို တင်မရောင်းဘဲ သင့်တင့်မျှတတဲ့ စျေးနှုန်းအတိုင်းရောင်းချပေးဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့၊ ဆန်ပွဲရုံတစ်ခုရှိ ဆန်အိမ်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။

အမေရိကန်ဒေါ်လာ သတ်မှတ်ချက်ပြောင်းလဲမှုကို အခွင့်ကောင်းယူပြီး ပြည်တွင်း ဆန်စပါး စျေးကွက်ပျက်အောင် ဆန်စျေးနှုန်းကို တင်မရောင်းဘဲ သင့်တင့်မျှတတဲ့ စျေးနှုန်းအတိုင်း (Reasonable Market Price) ရောင်းချပေးဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

စားသုံးတဲ့ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ ညီနောင်အသင်းတွေ၊ ကုန်စည်ဒိုင်တွေရဲ့ အသင်းဝင်တွေ၊ ပြည်ပကိုဆန်တင်ပို့သူတွေနဲ့ ဆန်စပါးကုမ္ပဏီတွေ အထူးဦးစားပေး လိုက်နာဆောင်ရွက်ကြဖို့လိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလအတွက် ၂၄ ပြည်ဆန်တစ်အိတ် စျေးနှုန်းကို ဧည့်မထအုပ်စု ဆန်စက်ကြိတ်ခွဲမှု အဆင့်ပေါ်မူတည်ပြီး ကျပ်ခြောက်သောင်းကနေ ၆၈၀၀၀ ကျပ်၊ အထူးဧည့်မထအုပ်စုဆန် ကျပ် ၆၈၀၀၀ ကနေ ကျပ် ၇၂၀၀၀၊ ဧရာမင်း-ဧရာပဒေသာဆန် ကျပ်ကိုးသောင်းကနေ ကျပ်ကိုးသောင်းခွဲ၊ ဧရာဝတီပေါ်ဆန်းဆန် ကျပ်ရှစ်သောင်းကနေ ကျပ်ကိုးသောင်း၊ ရွှေဘိုပေါ်ဆန်းဆန် ကျပ်ကိုးသောင်းကနေ ကျပ်ကိုးသောင်းခွဲနဲ့ ရောင်းချပေးရမယ် လို့လည်း ထုတ်ပြန်ထားတာပါ။

ဆန်စပါးစျေးကွက်နဲ့ စျေးနှုန်းမတည်ငြိမ်အောင် စျေးအနိမ့်နဲ့ ဝယ်ယူသိုလှောင်ထားပြီး စျေးအမြင့်နဲ့ ပြန်လည်ရောင်းချသူတွေကို စုံစမ်းဖော်ထုတ်ထိန်းကျောင်းနိုင်ဖို့ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆန်စပါးအသင်းချုပ်က ပြောပါတယ်။

ဒါ့အပြင် လတ်တလော တစ်နိုင်ငံလုံးမှာ စက်သုံးဆီအခက်အခဲ ကြုံတွေ့နေရတဲ့အပေါ် နွေစပါးရာသီအတွက် စက်မောင်းဆီ (ဒီဇယ်ဆီ) နဲ့ ဓာတ်မြေဩဇာတွေကို သက်သာတဲ့ စျေးနှုန်းနဲ့ လုံလုံလောက်လောက်ရအောင် ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org