ရိက္ခာပြတ်နေတဲ့ ပလက်ဝကို ဆန်အရောက်ပို့နိုင်ဖို့ ကြိုးစားနေ
2020.10.03
ချင်းပြည်နယ် ပလက်ဝမြို့မှာ ဆန်ရိက္ခာ လုံးဝပြတ်လပ်သွားတာမို့ အလှူရှင်တွေလှူဒါန်းထားတဲ့ ဆန်တွေကို တစ်ပတ်အတွင်းရောက်အောင် ပို့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ချင်းစစ်ဘေးရှောင် အရေးပေါ် ကူညီရေးနဲ့ ပြန်လည် ထူထောင်ရေးကော်မတီ (RRCCI) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောပါတယ်။
အလှူရှင်တွေရဲ့စုပေါင်းလှူဒါန်းမှုနဲ့ ကလေးမြို့မှာ ဝယ်ယူထားတဲ့ ဆန်အိတ် ၈၀၀ ကို မတူပီလမ်းကနေ ဒီအပတ်အတွင်း အမြန်ဆုံးပို့နိုင်အောင် စီစဉ်နေသလို ဆမီးမြို့မှာရှိတဲ့ ဆန်အိတ် ၈၅၀ ကိုလည်း တပ်မတော်ရဲ့ လုံခြုံရေးကိုယူပြီး ပို့နိုင်အောင် ကြိုးစားနေတယ်လို့ မိုင်နန်းဝေက ဆိုပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်တွေမသွားနိုင်ဘဲ ပိတ်မိနေကြတဲ့ ပလက်ဝမြို့နယ်ထဲက ကျေးရွာ ၂၀၀ ကျော်လောက်မှာလည်း ဆန်ပြတ်လပ်သွားပါပြီ။ ပလက်ဝမြို့အပါအဝင် မြို့နဲ့ အနီးဆုံးရွာတွေမှာလည်း ဆန်မရှိတော့ကြောင်း ရွာတွေထံက ဖုန်းအဆက်သွယ်တွေရတယ်လို့ မိုင်နန်းဝေက ပြောပါတယ်။
အလှူငွေပို့ပေးမယ်ဆိုလည်း အဲဒီဒေသမှာ ဆန်ရောင်းသူ မရှိတဲ့အတွက် ပခုက္ကူ၊ ဂန့်ဂေါနဲ့ ကျောက်ထု မြို့နယ် တွေကနေ ဆန်တွေဝယ်ယူပြီး ပို့ပေးနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။
ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာပဲ ပိတ်မိနေတဲ့ ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည် နှစ်သောင်းကနေ ခြောက်သောင်းကြားရှိပြီး မြို့ပေါ် စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေတာက တစ်သောင်း ရှစ်ထောင်ကျော်ရှိတယ်လို့ ချင်းစစ်ဘေးရှောင် အရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီနှစ်ထဲထုတ်ပြန်တဲ့ မှတ်တမ်းအရ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှတို့နဲ့ နယ်ချင်း ထိစပ်နေတဲ့ ပလက်ဝမြို့နယ်ထဲမှာ လူဦးရေ တစ်သိန်းတစ်သောင်းနီးပါး ရှိပါတယ်။ ကျေးရွာပေါင်း ၃၈၈ ရွာရှိမှာ လူဦးရေ ကိုးသောင်းကျော်က ကျေးလက်ဒေသမှာ နေထိုင်ပြီး ပလက်ဝ မြို့ပေါ်မှာတော့ တစ်သောင်းကျော် နေထိုင်တယ်လို့ ဖော်ပြထားပါတယ်။