လစ်ဗျားဂယက်ကြောင့် ပြည်ပ ဆန်တင်ပို့ခွင့် ပိတ်

မြန်မာစစ်အစိုးရဟာ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေကြောင့် လောင်စာဆီ ဈေးနှုန်းမြင့်တက်ပြီး ပေါ်ပေါက်လာနိုင်တဲ့ စားသောက်ကုန်စရိတ် ကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့ ပြည်ပကို ဆန်တင်ပို့ခွင့် ပိတ်ပင်ထားတယ်လို့ ကုန်သည်ကြီးများအသင်း အရာရှိတဦးက မတ်လ ၂ ရက် မနေ့က ပြောပါတယ်။

ကုန်ကားပေါ်သို့ ဆန်အိတ်များ တင်နေသော ပခုံးထမ်း အလုပ်သမားများ ဖြစ်ပါသည်။ (Photo: AFP)
<လစ်ဗျားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ပြည်တွင်း ဆန်စာသုံးမှု ဖူလုံအောင် ရည်ရွယ်ပြီး အာဏာပိုင်တွေက ဆန်တင်ပို့ခွင့် ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းက အမည်မဖော်လိုတဲ့ အရာရှိတဦးက ပြောကြားလိုက်တာပါ။

လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် သယ်ဆောင်ခ စရိတ်တွေ မြင့်တက်ပြီး စားသောက်ကုန် ဈေးနှုန်းတွေ ထိုးတက်လာစေမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ ဒါ့ပြင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေဟာ ဆန်ဈေးနှုန်းပေါ်မှာချည်း တည်မှီနေတာ မဟုတ်ပဲ၊ သယ်ယူပို့ဆောင်စရိတ်ပေါ်မှာ မူတည်နေတာလို့ သူက ပြောပါတယ်။

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆန်ကုမ္ပဏီတွေကို တင်ပို့ခွင့် ယာယီ ပိတ်ပင်လိုက်ကြောင်း၊ ပြည်ပက ဆန်အမှာစာ ကန်ထရိုက်စာချုပ်အားလုံး ပယ်ဖျက်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဆန်ကုမ္ပဏီတွေအနေနဲ့ အစိုးရသစ်ဖွဲ့ပြီးချိန် လာမဲ့ ဇူလိုင်လကုန်ပိုင်းလောက်မှာ ဆန်တင်ပို့ခွင့် ပြန်လည် ရရှိလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အဲဒီ ကုန်သည်ကြီးများအသင်း အရာရှိက ပြောပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ရင်ဆိုင်ရပါတယ်။ ဒီဒုက္ခတွေကနေ ကင်းလွတ်ဖို့ မြန်မာပြည်သူတွေ ဘယ်လောက်ထိ မျှော်လင့်ချက် ရှိသလဲ၊ ပြည်သူတွေ ဘယ်အထိ သည်းခံ နိုင်ကြမလဲ ဆိုတာ နိုင်ငံတကာမှာ လတ်တလော ပေါ်ပေါက်နေတဲ့ အခြေအနေတချို့နဲ့ နှိုင်းယှဉ်ပြီး RFA မှ ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။

နှိုင်းယှဉ်တင်ပြချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org