လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြေရှင်းမှု ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါ

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ရိုးသားပွင့်လင်းစွာ ကိုင်တွယ်ဖြေရှင်းဖို့ဟာ အထူးအရေးကြီးပြီး ဒီကိစ္စဟာ ရခိုင်ပြည်နယ်က လူမှုအသိုင်းဝိုင်းတွေအတွက်ချည်းသာမဟုတ်ဘဲ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်ပါ အရေးကြီးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက RFA ကို ဒီနေ့ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန၊ ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Richard Albright ကို စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာမှာ ၂၀၁၈ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ရိုးသားပွင့်လင်းစွာ ကိုင်တွယ်ဖြေရှင်းဖို့ဟာ အထူးအရေးကြီးပြီး ဒီကိစ္စဟာ ရခိုင်ပြည်နယ်က လူမှုအသိုင်းဝိုင်းတွေအတွက်ချည်းသာ မဟုတ်ဘဲ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်ပါ အရေးကြီးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက RFA ကို ဒီနေ့ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန၊ ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Richard Albright နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel တို့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA က ဒီနေ့မေးမြန်းရာမှာ သံရုံးရဲ့ပြောခွင့်ရသူ Aryani Manring ကပြောဆိုခဲ့တာပါ။

ဒုက္ခသည်တွေ နေရပ်ပြန်လာရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာစံတွေနဲ့အညီ သူ့တို့ဆန္ဒရှိမှ ပြန်လာစေဖို့၊ လုံခြုံရေးရှိဖို့နဲ့ ဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရေးကို မြန်မာနိုင်ငံဘက်က လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကိုရော ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခေါင်းဆောင်တွေကိုပါ ပြောဆိုထားတယ်လို့ Aryani Manring ကပြောပါတယ်။

အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်သံအမတ်ကြီးတို့ဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့ကို ဒီနေ့သွားရောက်ခဲ့ပြီး ရွာမကျေးရွာမှာ ရခိုင်နဲ့ မွတ်စလင် ကျေးရွာသားတွေနဲ့ တွေ့ဆုံခဲ့တာပါ။

အမေရိန်ကန်နိုင်ငံခြားရေးဌာန၊ ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Richard Albright နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel တို့ဟာ ဘူးသီးတောင်မြို့နယ်က ရွာမကျေးရွာကို ဒီနေ့သွားရောက်လေ့လာ ခဲ့ကြပါတယ်။

အဲဒီကျေးရွာမှာ ရခိုင်နဲ့ မွတ်စလင် တဖက် ၁၀ ဦးစီနဲ့တွေ့ဆုံပြီး ဒေသအခြေအနေတွေကို မေးမြန်းလေ့လာခဲ့တာဖြစ် တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ရခိုင်တိုင်းရင်းသားတွေဘက်က တင်ပြချက်တွေနဲ့ ပတ်သက်ပြီး ရွာမကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇံက အခုလိုပြောပြပါတယ်။

"အခက်အခဲက လက်လုပ်လက်စားတွေရဲ့ စားရေးသောက်ရေးအတွက်  ရှာဖို့လမ်းစမမြင်ဘူးလို့ တင်ပြကြ ပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကိုလည်း တင်ပြကြပါတယ်။ တောတောင်တွေထဲ သွားလာ သူတွေအနေနဲ့ အခက်အခဲဖြစ်ရတဲ့အကြောင်းလည်း တင်ပြကြတယ်"

မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်မြို့နယ် အတွင်းက မွတ်စလင်ကျေးရွာအချို့ဟာလည်း မီးရှို့ခံရပြီး လူအတော်များများဟာ တဖက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ထွက်မပြေးပဲ ကျန်ရှိနေခဲ့တဲ့ မွတ်စလင်တွေဟာ တောတောင်တွေထဲက လုပ်ငန်းခွင်တွေဆီသွားမယ်ဆိုရင် အာဏာပိုင်တွေက တစ်ရက်တာသွားလာခွင့် လက်မှတ်တွေ ထုတ်ပေးပြီးမှ သွားလာရတယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုတွေမဖြစ်ခင်က အချိန်အကန့်အသတ်မရှိ လွတ်လပ်စွာသွားလာခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ကို တင်ပြခဲ့တယ်လို့ ရွာမကျေးရွာက မွတ်ဆလင်တစ်ဦးက ပြောပါတယ်။

"အရင်တုန်းက တောထဲမှာ ထင်းခုတ်ဖို့သွားမယ်ဆိုလည်း သွားလို့ရတယ်။ အဲဒီမှာ အိပ်လို့လည်းရတယ်။ ပြဿနာမရှိဘူး။ အခုက နေရာတိုင်းမှာ လုံခြုံရေးတွေ ရှိနေတဲ့အခါကျတော့ ထောက်ခံချက်လက်မှတ်နဲ့ အဆင်မပြေပါဘူး။ တောထဲမှာ အိပ်လို့မရဘူး။ နေ့ချင်းသွား နေ့ချင်းပြန်ရတယ်။ အဲဒါကြောင့် အလုပ်ကမပြီးဘူး။ အဲဒါတွေက ခက်ခဲနေတာပါ"

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း လုပ်ငန်းခွင်တွေရှိတဲ့ တောတောင်တွေထဲကိုသွားရင် ချောင်းမြောင်း တိုက်ခိုက်ခံရမလားဆိုတဲ့ စိုးရိမ်မှုတွေဟာ နှစ်ဘက်စလုံးမှာရှိနေတာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်တဲ့ တင်ပြချက်တွေကို အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့က လေ့လာမှတ်သားသွားပေမဲ့ တစ်စုံတရာတုံပြန်ပြောဆိုခဲ့တာ မရှိဘူးလို့လည်း ရွာသားတွေကပြောပါတယ်။

ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Richard Albright နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel တို့ဟာ အမေရိကန်အစိုးရက WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကနေတဆင့် လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လေ့လာဖို့အတွက် ရခိုင်ပြည်နယ်ကို မနေ့က ရောက်ရှိနေတာပါ။

မနေ့က စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာမှာ မွတ်စလင်ခေါင်းဆောင်တွေနဲ့ သီးသန့်တွေ့ဆုံခဲ့သလို ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေနဲ့လည်း ပါတီဗဟိုဌာနချုပ်မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

မကြာခင် တဘက်နိုင်ငံကနေ ပြန်လာကြမယ့် မွတ်စလင်ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ် ခဲ့ကြတာလို့ ANP ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်မြကျော်က ပြောပါတယ်။

"ပါတီဘက်ကတော့ မောင်တောတောင်ပိုင်းမှာ နေရာမချဖို့ ပြည်နယ်လွှတ်တော်မှာလည်း အဆိုအောင်မြင်ပြီး သားဖြစ်တယ်။ အဲဒါကြောင့် မောင်တောတောင်ပိုင်းမှာ ဘင်္ဂါလီတွေကို နေရာချထားပေးမယ့်ဟာကို သဘော မတူဘူးဆိုပြီး ကျွန်နော်တို့ကတော့ ပြောတာပေါ့။ လက်ခံတဲ့အခါမှာလည်း ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရပဲ ပြတ်ပြတ်သားသားမှန်မှန်ကန်ကန် လက်ခံဖို့လိုတဲ့အကြောင်းကိုပဲ ပြောခဲ့ပါတယ်"

အမေရိကန်အစိုးရအနေနဲ့တော့ မွတ်စလင်တွေကို ပြန်လည်လက်ခံမယ့်ကိစ္စမှာ တစ်စုံတရာ ဝင်ရောက်စွက်ဖက် မှာမဟုတ်ဘဲ လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုသာ ကြားကနေ ပေးဖို့ရှိကြောင်း ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Richard Albright က ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဦးအောင်မြကျော် ကပြောပါတယ်။

အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Aryani Manring ကတော့ အခုခရီးစဉ်ဟာ အမေရိကန်သံရုံးက ပုံမှန်သွားနေကျခရီးစဉ်တစ်ခုဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် အလွန်အရေးပါတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ အမေရိကန်အစိုးရက ရှုမြင်ထားပြီး ဒီလိုတိုးတက်ဖွံ့ဖြိုးလာရေးအတွက် ဘယ်နေရာအခန်းကဏ္ဍကနေ ပါဝင်ကူညီနိုင် မလဲဆိုတာကို သက်ဆိုင်ရာ လူ့အသိုင်းအဝိုင်းအားလုံးနဲ့ တွေ့ဆုံစကားပြောနေတာဖြစ်တယ်လို့လည်း သံရုံးရဲ့ပြောခွင့်ရသူ Aryani Manring ကပြောဆိုပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org