ထိုင်းအခြေစိုက်လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်

ထိုင်းနိုင်ငံအခြေစိုက် ND-Burma ခေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက်အဖွဲ့က ၂၀၁၁ခု ဇန်နဝါရီလကနေ မတ်လအတွင်း ကောက်ခံရရှိထားတဲ့ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စစ်တမ်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်က အဓမ္မ ပေါ်တာဆွဲပြီး အထုပ်အပိုးများ ထမ်းခိုင်းသော ကရင် ရွာသူရွာသားများကို တိတ်တဆိတ် ချောင်းမြောင်း ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers) (Photo: Courtesy of Free Burma Rangers)

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာဆိုရင် အနှစ် ၂၀ အတွင်း ပြည်သူ့လွှတ်တော်က ိုစတင်ခဲ့တာ၊ မတ်လ ၃၀ ရက်နေ့မှာ ဆိုရင် စစ်ကောင်စီ အစိုးရကနေ ရွေးကောက်ပွဲအနိုင်ရ ဦးသိန်းစိန်အစိုးရ လက်ထဲ အာဏာလွှဲပြောင်းပေးခဲ့တာ စတဲ့ အပြောင်းအလဲတချို့ ရှိခဲ့ပေမဲ့ စစ်အစိုးရလက်ထက်ကတည်းက ဖြစ်လာခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ အရင်လိုပဲ ဆက်ရှိနေဆဲပဲဆိုတာ ND-Burmaအဖွဲ့က လေ့လာတွေ့ရှိထားကြာင်း၊ အဲဒီ အချက်အလက်တွေကို ကြည့်ရင် ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို စုံစမ်းရေးကော်မတီတရပ် စေလွှတ်သင့်တယ်ဆိုတာ ထင်ရှားကြောင်း ND-Burma အဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အစိုးရသစ်တရပ် ပြောင်းလဲလာခဲ့ပေမဲ့ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေသလဲ ဆိုတာနဲ့ ပတ်သက်လို့ ND-Burma အဖွဲ့ရဲ့ စီမံခန့်ခွဲမှု ကော်မတီဝင် နိုင်အူးဝါးမွန် ပြောပြတာက -

“ကျွန်တော်တို့ ရန်ကုန်တိုင်း ဒေသကြီးတွေမှာ ဥပမာ ကျွန်တော်တို့ ယုံကြည်ချက်အရ အကျဉ်းကျခံနေရတာတွေ ဆက်ပြီးရှိနေတယ်။ အဲဒီက ဒီ ဝေါလေ ဧရိယာမှာ ကလေးစစ်သား အသုံးပြုမှုတွေ ဆက်ပြီး တွေ့ရတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ အကျဉ်းသားတွေ ရှေ့တန်းတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုနေတာတွေ တွေ့ရသလို ကျွန်တော်တို့ ဒီ ပေါ်တာတွေ အနေနဲ့လည်း ဖမ်းဆီးပြီးတော့ ခိုင်းစေနေတာကို တွေ့ရတယ်။”

သမ္မတဦးသိန်းစိန်က သူ့အစိုးရအနေနဲ့ လယ်သမားတွေရဲ့ ရပိုင့်ခွင့်တွေအတွက် အာမခံသွားမှာ ဖြစ်သလို၊ မြန်မာပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို အကာအကွယ် ပေးသွားမှာ ဖြစ်တယ်လို့ ပြောနေပေမဲ့ ဒီကနေ့အချိန်ထိ လယ်သာမြေ အသိမ်းဆည်းခံနေရတာတွေ အဓမ္မ ခိုင်းစေခံနေရတာတွေ ဆက်ရှိနေကြောင်း ND-Burma အဖွဲ့က ဆိုပါတယ်။

၂၀၁၁ ခု ဇန်နဝါရီလကနေ မတ်လ ၃ လအတွင်း မတရားဖမ်းဆီးမှု ၁၁ မှု၊ မြေယာသိမ်းဆည်းမှု ၃၁ မှု၊ အဓမ္မ ခိုင်းစေမှု ၃၃ မှု ဖိအားပေး ပြောင်းရွှေ့စေခိုင်းမှု ၃ မှု၊ ကလေးစစ်သား ၂၁ မှုနဲ့ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု ၁၉ မှု အပါအဝင် ၊ အခြား လူ့အခွင့်အရေး ချိုးဖောက်မှု စုစုပေါင်း ၁၆၇ မှုကို အထောက်အထားတွေနဲ့ စုဆောင်း ရရှိခဲ့တယ်လို့ ND-Burma အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

လတ်တလော မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေနဲ့ပတ်သက်လို့ ND-Burma အဖွဲ့ရဲ့ ပြောခွင့်ရသူ နိုင်အူးဝါးမွန်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org