မြန်မာ လူ့အခွင့်အရေးအခြေအနေကို မှန်ကန်စွာ သုံးသပ်ဖို့ HRW တိုက်တွန်း
ဇန်နဝါရီ ၂၇ ရက် မနက်ဖြန်မှာ ကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄ နှစ် တကြိမ် ကျင်းပတဲ့ လူ့အခွင့်အရေး ပုံမှန်သုံးသပ်မှု UPR အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ လှည့်စားချက်တွေကို မကြည့်ပဲ ဖြစ်ရပ် အခြေအနေမှန်တွေကို အခြေခံသင့်တယ်လို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဇန်နဝါရီ ၂၆ ရက် ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
-
2011-01-26 -
-
-
ရန်ကုန်မြို့၊ အလုံမြို့နယ်တွင် ၂၀၁၀ ဒီဇင်ဘာ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)
မြန်မာနိုင်ငံဟာ အခုနှစ် ကုလသမဂ္ဂ UPR အစည်းအဝေးမှာ ပထမဆုံး
ထည့်သွင်း ဆွေးနွေးခံရမှာ ဖြစ်ပြီး မြန်မာစစ်အစိုးရရဲ့ လွှတ်တော်အသစ်နဲ့ အစိုးရသစ် အသွင်ပြောင်းတဲ့
ကိစ္စကြောင့် လူ့အခွင့်အရေး သုံးသပ်မှုမှာ မဝေဝါးသင့်ဖူးလို့ ဒီနေ့ထုတ်ပြန်တဲ့ HRW အဖွဲ့
အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာ HRW ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရသူ David Mathieson က မြန်မာ စစ်အစိုးရအနေနဲ့ နှစ်အနည်းငယ်အတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်တယ်လို့ ပြသခဲ့တာ ရှိပေမဲ့ တကယ်တမ်း ပြည်တွင်းက အခြေအနေဟာ တိုးတက် ကောင်းမွန်လာမှု မရှိသလို အခု ၂၀၁၁ ခုနှစ်ထဲမှာလည်း ကောင်းလာဖို့ မမြင်ကြောင်း၊ နောက်တပတ် ကျင်းပမဲ့ လွှတ်တော်ကျင်းပပြီး အစိုးရသစ်ဖွဲ့ဖို့ ရှိပေမဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ ဆောင်ရွက်ချက်မျိုး မရှိကြောင်း၊ HRW ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရသူ Mr. Mathieson က ပြောသွားတာ ဖြစ်ပါတယ်။
ဒီကနေ့ ကြေညာချက်မှာ စစ်အစိုးရရဲ့ အပြောသက်သက် ကိစ္စရပ်တွေကို လက်တွေ့ အခြေအနေမှန်တွေနဲ့ မရောထွေးသင့်ဘူးလို့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး Elaine Pearson က ပြောကြားထားပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရ ဆောင်ရွက်ချက်တွေဟာ အပြင်ပန်း အလှဆင်မှု သက်သက်သာ ဖြစ်ပြီး အတွင်းထဲမှာ တိုးတက်မှု မရှိပါဘူးလို့လည်း HRW အဖွဲ့ကြီးရဲ့ ကြေညာချက်မှာ ထောက်ပြ ဝေဖန်ထားပါတယ်။