မြစ်ရေတိုက်စား လို့ ရေနံချောင်းဒေသခံ တချို့ မြေနေရာ အခက်အခဲဖြစ်


2016.11.05
river-landslide-620.jpg မြစ်ရေတိုက်စားတာကြောင့် ပျက်စီးနေတဲ့ မြစ်ကမ်းဘေးတစ်နေရာကို တွေ့ရစဉ်
Photo: RFA

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သူဌေးကုန်းကျေးရွာမှာ မြစ်ရေတိုက်စားမှုကြောင့် ကျေးရွာကအိမ်တွေ၊ လုပ်ကိုင်စားသောက်နေတဲ့ ကိုင်းမြေတွေ ပျက်စီးပြီး ပြောင်းရွေ့နေထိုင်ဖို့ နေရာအခက်အခဲဖြစ်နေတယ် လို့ ဒေသခံတွေက တောင်းဆိုပြောပါတယ်။

ရွာအခြေအနေက တစ်နှစ်ထက် တစ်နှစ်ဆိုးလာပြီး ပြောင်းရွှေ့စရာမြေနေရာ မရှိတော့တာကြောင့် ရွာပြောင်းရွှေ့ ဖို့အတွက် အစိုးရကမြေနေရာ ချပေးစေချင်တယ်လို့ သူဌေးကုန်းကျေးရွာက ဆရာတော် ဦးအဂ္ဂဓဇ က မိန့်ပါတယ်။

"ဦးဇင်းတို့ ကမ်းပါးပြိုတာ ကျေးရွာက တစ်နှစ်ထက်တစ်နှစ် ဘယ်လိုပြောရမလဲဆိုတော့ နေဖို့နေ ရာပျောက်သလောက်ဖြစ်သွားပြီး၊ ကိုယ်နည်းကိုယ်ဟန်နဲ့ ဖြည်းဖြည်းချင်း နောက်ဆုတ်ဆုတ်လာတာ၊ ယာတွေကိုင်းတွေထဲ ရွေ့လာတာ ခုနောက်ပိုင်း အဲလိုရွေ့စရာကို မကျန်တော့ဘူး၊ ဘယ်လိုဖြစ်ချင်လဲ ဆိုတော့ မြေနေရာလေးကို အစိုးရအာဏာပိုင်များအနေနဲ့ စီမံညွှန်ကြားပေးဖို့၊ ဒီနေရာကို  ဦးဇင်းတို့ ဝယ်နေဆိုရင်လည်း ဝယ်နေမယ်၊ ဦးဇင်းတို့ အဲလိုလေးပဲ ချပေးပါလို့ ပြောချင်တာ"

ဒီသူဌေးကုန်းကျေးရွာမှာ အရင်က စိုက်ပျိုးရေးလုပ်ကိုင်တဲ့ ကျွန်းမြေ ဧက ၃ဝဝ လောက်နဲ့ အိမ်ခြေ ၉ဝ လောက် ရှိခဲ့ပေမယ့် နှစ်စဉ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် အခုချိန်မှာ ကျွန်းမြေ ဧက ၃ဝ ဝန်းကျင်နဲ့ အိမ်ခြေ ၃ဝ လောက်ပဲ ကျန်တော့တာဖြစ်ပါတယ်။

လက်တလောအနေနဲ့ ရွာသားတွေဟာ ပွင့်ဖြူမြို့နယ်ပို ငါးချောက်ကျွန်းကျေးရွာမှာ နေအိမ် ၇ဝ ကျော်လောက် ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။

သူဌေးကုန်း ကျေးရွာသားတွေအနေနဲ့ ကျေးရွာပြောင်းရွှေ့ရေးအတွက် မြေနေရာချပေးဖို့ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဆီကို လက်မှတ်ရေးထိုး တောင်းဆိုထားတယ် လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။