ကျပ်သန်းတစ်ထောင်တန် လမ်းဆောက်လုပ်ရေးတင်ဒါမခေါ်တဲ့ကိစ္စ စိစစ်ပေးဖို့ အစိုးရထံ တောင်းဆို
မွန်ပြည်နယ် ရေးမြို့နယ်က ကျပ်သန်းတစ်ထောင်တန် အောင်သပြေ-နှစ်ကရင် လမ်း ဆောက်လုပ်ရေးအတွက် တင်ဒါမခေါ်ယူဘဲ The Southern Myanmar(SMD) ကုမ္ပဏီကို ပြည်နယ်ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့်ပေးလိုက်တာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ စိစစ်စုံစမ်းပေးဖို့ ဆိုပြီး မွန်ညီညွတ်ရေးပါတီက ပြည်ထောင်စုအစိုးရထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
-
2019-05-27 -

အောင်သပြေ-နှစ်ကရင် လမ်းပိုင်းနဲ့ပတ်သက်လို့ မေ ၃ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်မှာ ဒေါက်တာ အောင်နိုင်ဦးက မေးခွန်း မေးမြန်းရာမှာ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက တင်ဒါခေါ်ယူတာ မပြုလုပ်ဘဲ SMD ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့တာလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီကိစ္စကို ဆက်လက်ဆောင်ရွက်ခြင်းမရှိဘဲ ဖုံးကွယ်ထားမယ်ဆိုရင် မွန်ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကြားမှာ ပွတ်တိုက်မှုတွေ ရှိလာနိုင်သလို အပြန်အလှန်ထိန်းကြောင်းမှုပိုင်းမှာ အားနည်းသွားနိုင်တာကြောင့် ရှေ့ဆက်ဘယ်လိုကိုင်တွယ်ဆောင်ရွက်သွားမလဲဆိုတာ ပြည်သူတွေကို ပွင့်လင်းမြင်သာစွာရှင်းပြပေးဖို့ တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။