စစ်ကောင်စီလက်နက်ကြီးကြောင့် ညောင်ပင်ကြီးရွာခံတစ်ဦး သေဆုံး

ဇွန်လ ၉ ရက် ညနေပိုင်းက ညောင်ပင်ကြီးရွာရဲစခန်းတစ်ခုကို ဒေသအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ‌ကြောင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဒေသခံတွေ ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်နေ့က ထွက်ပြေးတိမ်းရှောင်ကြစဉ်။ အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးကြီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ ညောင်ပင်ကြီးရွာ ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။

ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက ညောင်ပင်ကြီးရွာရဲစခန်းတစ်ခုကို ဒေသအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ‌ကြောင့် သေဆုံးသွားတာလို့ သူကပြောပါတယ်။

ဒါ့အပြင် ညောင်ပင်ကြီးကျေးရွာကို ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပတ်ဝန်းကျင်ကျေးရွာတွေအပါအဝင် ကျေးရွာ ခုနစ်ရွာက ပြည်သူ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၃၆ဝဝ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org