အင်ဒိုနီးရှားကမ်းခြေရောက် ရိုဟင်ဂျာလှေ ကမ်းကပ်ဖို့ ဒေသခံတွေ ခွင့်မပြု
တောင်အာချေးပြည်နယ်က ဒေသခံတွေကတော့ ဒေသတွင်းမငြိမ်မသက်ဖြစ်လာမှာ စိုးရိမ်တာကြောင့် ရိုဟင်ဂျာတွေ ကမ်းကပ်လာမဲ့အပေါ် ကန့်ကွက်နေကြတယ်လို့ ဆိုပါတယ်။
-
RFA Burmese
2024-10-22 -
-
-
ရိုဟင်ဂျာ အယောက် ၁၄ဝ ကျော် လိုက်ပါလာတဲ့ စက်လှေတစ်စင်း အောက်တိုဘာ ၂၂ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ထဲက ကမ်းခြေအနီးမှာ ဆိုက်ကပ်လာပြီး ဒေသခံတွေက ကမ်းကပ်ဖို့ ခွင့်မပြုကြဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
အမျိုးသမီးနဲ့ ကလေးအများစု လိုက်ပါလာတဲ့ ဒီလှေဟာ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်လာတာ နှစ်ပတ်နီးပါး ရှိနေပြီးဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက ပင်လယ်ထဲမှာ မျောနေတာလို့ ရဲအရာရှိတစ်ဦးက ပြောဆိုကြောင်း AP သတင်းမှာ မနေ့က ဖော်ပြပါတယ်။
ဒီခရီးမှာ ရိုဟင်ဂျာ သုံးယောက် သေဆုံးသွားခဲ့ပြီး ၁၁ ယောက်က ကျန်းမာရေးအခြေအနေဆိုးလာတာကြောင့် အောက်တိုဘာလ ၂ဝ ရက်နေ့မှာ အစိုးရဆေးရုံကို ခေါ်ဆောင်ကုသပေးထားတယ်လို့ ဆိုပါတယ်။
တောင်အာချေးပြည်နယ်က ဒေသခံတွေကတော့ ဒေသတွင်းမငြိမ်မသက်ဖြစ်လာမှာ စိုးရိမ်တာကြောင့် ရိုဟင်ဂျာတွေ ကမ်းကပ်လာမဲ့အပေါ် ကန့်ကွက်နေကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားနိုင်ငံကို သွားဖို့ အောက်တိုဘာလ ၉ ရက်နေ့ကတည်းက ထွက်လာတဲ့ အဲဒီလှေမှာ စုစုပေါင်း ရိုဟင်ဂျာ ၂၁၆ ယောက်ပါလာပြီး အယောက် ၅ဝ က အင်ဒိုနီးရှားနိုင်ငံ ရိုင်ယူပြည်နယ်အနီးမှာ ဆင်းသွားကြတယ်လို့ ရဲအရာရှိတစ်ဦးကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ ဒီလှေနဲ့လိုက်ပါနိုင်ဖို့အတွက် အခကြေးငွေပေးခဲ့ရသူတွေ ရှိပြီး ရိုဟင်ဂျာတွေကို လူကုန်ကူးတယ်လို့ ယူဆရသူ သုံးဦးကို အာချေးရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ သူတို့ကို ဒေသခံတွေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက စားစရာတွေ ထောက်ပံ့နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် တစ်နှစ်တည်းမှာတင် အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ ၂၃ဝဝ ကျော်ရှိပြီး၊ ရိုဟင်ဂျာအယောက် ၅၇ဝ နီးပါးက ပင်လယ်ပြင်မှာ သေကျေပျောက်ဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။