ထိုင်းမှာ မြန်မာနိုင်ငံက ဝင်လာတဲ့ ရိုဟင်ဂျာ ၁၃ ဦး ဖမ်းဆီးခံရ

မြန်မာနိုင်ငံကနေ ဝင်လာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ဖုဖရမြို့နယ်တွင် ဖမ်းဆီးခံရသော ရိုဟင်ဂျာ ၁၃ ဦးအား သက်ဆိုင်ရာအာဏာပိုင်များနှင့်အတူ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့က တွေ့ရစဉ်။ MGR Online Photo

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ဖုဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံကနေ ဝင်လာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၃ ဦးကို အောက်တိုဘာ ၂၂ ရက်နေ့ညပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ရိုဟင်ဂျာ အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး ခြောက်ဦးအပြင် လမ်းပြခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်နဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖုဖရမြို့နယ်ထဲက ကျေးရွာတစ်ခုမှာ ကင်းလှည့်နေချိန် တိုယိုတာ ကားနှစ်စီးကို မသင်္ကာလို့ စစ်ဆေးရာကနေ ထိုင်းနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးမိခဲ့တာလို့ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ ဖမ်းမိတဲ့ကားတွေဆီကို စစ်ဆေးချိန် အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၃ ဦးကို ထပ်ဖမ်းမိခဲ့တာပါ။ ဖမ်းဆီးမိသူတွေကို သက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမယ်လို့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်အထိ သုံးလကျော်အတွင်း မြန်မာနိုင်ငံသား နှစ်သိန်းနီးပါး ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org