ရိုဟင်ဂျာ ၁၅၀ သံဖြူဇရပ်မှာ ဖမ်းဆီးခံရ

မလေးရှားကိုသွားမယ့် ရိုဟင်ဂျာ ၁၅၀ နီးပါးကို မွန်ပြည်နယ် သံဖြူဇရပ်မှာ စစ်ကောင်စီက ဖမ်းလိုက်ပါတယ်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့အား တွေ့ရစဉ်။ Citizen Journalist

မလေးရှားကိုသွားမယ့် ရိုဟင်ဂျာ ၁၅၀ နီးပါးကို မွန်ပြည်နယ် သံဖြူဇရပ်မှာ စစ်ကောင်စီက ဖမ်းလိုက်တယ်လို့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာ အရာရှိတစ်ယောက်က ပြောတဲ့ အကြောင်း AFP သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေပါတဲ့ အဖွဲ့တစ်ဖွဲ့ကိုဖမ်းမိတာလို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ ရွာနှစ်ရွာကြားက တောစပ်နားမှာ ပုန်းနေကြပြီး မနေ့ညကတည်းက ရှာဖွေတွေ့ရှိတာလို့ ပြောပါတယ်။

ကနဦးရရှိတဲ့ သတင်းတွေအရ အဲဒီလူတွေဟာ ရခိုင်ပြည်နယ်ကနေ မွန်ပြည်နယ်ဘက်ကို စက်လှေတွေနဲ့ထွက်လာပြီး အဲဒီကနေတဆင့် ထိုင်းနိုင်ငံကိုသွားမှာဖြစ်သလို၊ ထိုင်းကနေ တစ်ခါ မလေးရှားကို ကုန်းလမ်းကနေသွားကြမှာလို့ အဲဒီအရာရှိက ပြောပါတယ်။

ဒီလူတွေနဲ့ပတ်သက်လို့ သူတို့ကိုပို့တဲ့ လူမှောင်ခိုလို့ယူဆရတဲ့ ရိုဟင်ဂျာမဟုတ်တဲ့သူတွေပါ ဖမ်းမိသလို၊ နောက်ထပ်လူ ၃၀ ကိုလည်း ရှာနေတယ်လို့သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာတွေကို နောက်လမှာပြန်ခေါ်ဖို့စီစဉ်နေတယ်လို့ စစ်ကောင်စီဘက်က ပြောထားတဲ့ရက်ပိုင်းမှာပဲ ဒီလူတစ်ရာကျော်ကို ဖမ်းလိုက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org