မြေပြိုမှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ငါးရာကျော် နေရာရွှေ့ပြောင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးပြီး မြေပြိုလို့ နေအိမ်တွေပျက်စီးတဲ့အတွက် နေအိမ် ရှစ်ဆယ်ကျော်က ဒုက္ခသည် ငါးရာကျော်ကို ဩဂုတ်လ ၉ ရက်နေ့က ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။
-
RFA Burmese
2023-08-09 -

ဩဂုတ်လ ၇ ရက်နေ့က မြေပြိုကျပြီး ဒုက္ခသည်နှစ်ဦး သေဆုံးခဲ့တဲ့ ဘာလုခါလီဒုက္ခသည်စခန်းအပါအဝင် စခန်းသုံးခုမှာ မြေကြီးတွေ ဆက်ပြိုကျလာပြီး နေအိမ်တွေပျက်စီးသွားတာလို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ကိုဟာဆောင်းက ပြောပါတယ်။
"မြေနိမ့်တဲ့နေရာ ညီညာပြန့်ပြူးတဲ့နေရာမှာ ရေကြီးရေလျှံ ဖြစ်တယ်။ တောင်ပေါ်မှာ မြေပြိုတယ်။ ဒီမိုးရာသီမှာ ဒုက္ခသည်တွေလုံးဝမလုံခြုံဘူး။ သဘာဝဘေးအန္တရာယ်ကို စိုးရိမ်နေရတယ်"
နေအိမ်ပြိုပျက်သွားသူတွေကို စာသင်ကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးသားချင်းအိမ်တွေမှာ ပြောင်းရွှေ့ နေရာချထားတယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းမှာ မိုးကြီးနေတာကြောင့် နေရာမရွှေ့ပြောင်းရသေးတဲ့ ဒုက္ခသည်တွေအတွက် အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
ကော့ဘဇားခရိုင်မှာ အခုလ ၆ ရက်နေ့ကစပြီး မိုးကြီးလို့ မြေပြိုပြီး နေအိမ်ပေါင်း တစ်ထောင်ကျော် ပျက်စီးသွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။