နှစ်လအတွင်း ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာ ရှစ်ထောင်လောက် ထွက်ပြေး

လွန်ခဲ့တဲ့ နှစ်လအတွင်း ရိုဟင်ဂျာ ရှစ်ထောင် ဘင်္ဂလားဒေ့ရှ် ရောက်လာတဲ့ သတင်းရရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ဒုက္ခသည်ရေးရာ တာဝန်ရှိသူက ပြောပါတယ်။

မောင်တောမြို့နယ် တိုက်ပွဲများကြောင့် ထွက်ပြေးကြရသည့် ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ကယ်ထုတ်ပေးနေစဉ်။ Screenshot from Arakan Bay News's Video

[Update: 11: 56 PM, Sep 4, 2024]

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် မကြာခင်လပိုင်းတွေမှာ ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာ ရှစ်ထောင်လောက် ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ပြောကြားတဲ့ အကြောင်း ရိုက်တာ သတင်းက စက်တင်ဘာ ၄ ရက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီနဲ့ အရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေကြား အကြမ်းဖက်မှုတွေဖြစ်လာပြီး လွန်ခဲ့တဲ့ နှစ်လအတွင်း ရိုဟင်ဂျာ ရှစ်ထောင် ဘင်္ဂလားဒေ့ရှ် ရောက်လာတဲ့ သတင်းရရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ဒုက္ခသည်ရေးရာ အထက်တန်း တာဝန်ရှိသူက ပြောပါတယ်။

သူ့နိုင်ငံမှာ ဝန်ထုပ်ဝန်ပိုး ပိုနေပြီး နောက်ရောက်လာတဲ့ ရိုဟင်ဂျာတွေအတွက် နေရာထိုင်ခင်း မပေးနိုင်ဘူးလို့လည်း ပြောပါတယ်။

အရင်ကတော့ လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ ရိုဟင်ဂျာ ဘယ်နှစ်ယောက် နယ်စပ်ဖြတ်ကျော်ရောက်ရှိလာတယ်ဆိုတာ ဘင်္ဂလားဒေ့ရှ် အစိုးရက ခန့်မှန်းချက် မပေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကလည်း ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ နယ်စပ်ဖြတ်ကျော်ရောက်လာပြီးတဲ့နောက် ထပ်ရောက်မလာအောင် ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က AFP သတင်းမှာတော့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေ ထပ်ရောက်မလာအောင် ဘယ်လို တားဆီးမလဲဆိုတာ ဒီသီတင်းပတ်အတွင်း ဆွေးနွေးမယ်လို့ ကြားဖြတ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုထားပါတယ်။

ဒီလိုပြောရတာ ဝမ်းနည်းရပေမဲ့ သူတို့အနေနဲ့ နောက်ထပ်နေရာမပေးနိုင်တော့ဘဲ ထမ်းနိုင်တဲ့ ဝန်ထက်ကျော်လွန်နေပြီလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org