ဘင်္ဂလားဒေ့ရှ်က ဘာလုခါလီရိုဟင်ဂျာစခန်းမီးလောင်
စာသင်ကျောင်း၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦတွေလည်း မီးလောင်ကျွမ်းပြီး မီးဘေးဒုက္ခသည် တစ်သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။
-
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023-03-05 -
-
-
၂ဝ၂၃ ခုနှစ် မတ်လ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းနေသည့် မြင်ကွင်းကို တွေ့မြင်ရစဉ်။
Reuters
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် (၁၁)မှာ မတ် ၅ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၄၀ မှာ မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေနှစ်ထောင်ကျော် ဆုံးရှုံးခဲ့တယ်လို့ ဒုက္ခသည်တွေက RFA ကိုပြောပါတယ်။
စာသင်ကျောင်း၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦတွေလည်း မီးသင့်လောင်ကျွမ်းပြီး မီးဘေးဒုက္ခသည် တစ်သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။ နှစ်နာရီလောက် မီးလောင်ကျွမ်းခဲ့တာလို့ ဘာလုခါလီဒုက္ခသည်စခန်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ တချို့ဒုက္ခသည်တွေက နီးစပ်ရာအိမ်တွေမှာ ခိုလှုံနေကြပြီး တချို့လည်း ဒုက္ခသည်စခန်းအပြင်ဘက် လမ်းမတွေပေါ်မှာ စုဝေးနေထိုင်နေကြတယ်လို့ ပြောပါတယ်။
ကနဦးသတင်းအရ ရှို့မီးလို့ပြောဆိုနေကြပြီး မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိမရှိကို အတည်မပြုနိုင်သေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။