မီးလောင်ခဲ့တဲ့ ဘာလုခါလီစခန်းက စွန့်ပစ်အမှိုက်ပြဿနာ

လောက်ကောင်တွေ၊ ခြင်ကောင်၊ ယင်ကောင်တွေ ပေါများတယ်။ လူတွေမှာဝမ်းပျက်၊ ဝမ်းလျှောနဲ့ကလေးငယ်တွေမှာ ယားနာတွေဖြစ်နေတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ဘာလုခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာအမျိုးသားတွေ ရေနုတ်မြောင်းကို သန့်ရှင်းရေး ဆောင်ရွက်နေစဉ်။ AFP

 ပြီးခဲ့တဲ့ မတ်လမှာ မီးလောင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၁၁ မှာ နေ့စဉ်သုံး အမှိုက်တွေကို စွန့်ပစ်မယ့်သတ်မှတ်နေရာနဲ့ လိုက်လံသိမ်းဆည်းမယ့် အဖွဲ့အစည်းမရှိလို့ ကြုံသလို ပစ်နေပြီး အနံ့အသက်ဆိုးတွေရတဲ့အပြင် နောက်ဆက်တွဲ ဝမ်းပျက်၊ ဝမ်းလျှောတွေဖြစ်ပွားနေတယ်လို့ ဒုက္ခသည်တွေ ကပြောပါတယ်။

လောက်ကောင်တွေပေါများတယ်။ ခြင်ကောင်၊ ယင်ကောင်တွေ ပေါများတယ်။လူတွေမှာဝမ်းပျက်၊ ဝမ်းလျှောနဲ့ကလေးငယ်တွေမှာ ယားနာတွေဖြစ်နေတယ်။

“အမှိုက်လာမကောက်တော့ ဒီမှာ လောက်ကောင်တွေပေါများတယ်။ ခြင်ကောင်၊ ယင်ကောင်တွေ ပေါများတယ်။လူတွေမှာဝမ်းပျက်၊ ဝမ်းလျှောနဲ့ကလေးငယ်တွေမှာ ယားနာတွေဖြစ်နေတယ်။” လို့ဘာလုခါလီ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက ပြောပါတယ်။

မီးမလောင်ခင်က ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း I.O.M အဖွဲ့က ဘာလုခါလီ ဒုက္ခသည်စခန်းအမှတ် ၁၁ မှာ နေ့စဉ်အမှိုက်လာသိမ်းပေမယ့် မီးလောင်ပြီးနောက် အမှိုက်လာမသိမ်းတော့ဘူးလို့ ဒုက္ခသည်တွေကပြောပါတယ်။

“အမှိုက်လာမသိမ်းတော့လို့ I.O.M ဘက်ကိုဆက်သွယ်ကြည့်တဲ့အခါ ဘတ်ဂျက်ရတာနည်းလို့ ဝန်ထမ်းတွေ လျှော့လိုက်တယ်။ အဲ့တော့ လူအင်အားနည်းသွားတော့ အရင်လို နေ့စဉ်အမှိုက်လာ ကောက်မယ့် သူမရှိတော့ဘူးဆိုတာ ပြောပါတယ်။” လို့ ဘာလုခါလီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်က ဆက်ပြောပါတယ်။

(၂ဝ၂၃ ခုနှစ် မတ်လ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းနေသည့် မြင်ကွင်းကို တွေ့မြင်ရစဉ်။ Photo:Reuters)

အမှိုက်ပုံးတွေလည်း မီးထဲပါသွားပြီး အမှိုက်စွန့်ပစ်စရာနေရာ သီးသန့်မရှိ၊ သိမ်းဆည်းမယ့် အဖွဲ့လည်းမရှိတော့လို့ နေ့စဉ်စွန့်ပစ်အမှိုက်တွေနဲ့ မီးလောင်ရာကနေ ထွက်လာတဲ့အမှိုက်တွေကို မြောင်းတွေထဲ ကြုံသလို စွန့်ပစ်နေကြတဲ့အတွက် တစ်လအတွင်း ရေမြောင်းတွေ ပိတ်ဆို့ကုန်တယ်လို့ ဒုက္ခသည်တွေ ကပြောပါတယ်။

ဘာလုခါလီဒုက္ခသည်စခန်းမှာ မီးလောင်လို့ အိမ်ခြေသုံးထောင်လောက် ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ဒုက္ခသည် တစ်သောင်းခြောက်ထောင်နီးပါးရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေက အထောက်အပံ့တွေလျှော့လိုက်ပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအထောက်အပံ့နဲ့ အထွေထွေ လိုအပ်ချက်တွေ ပိုများလာပါတယ်။

ဗြိတိန်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီအထောက်အပံ့ကို အခုဘတ်ဂျက်နှစ်မှာ ၈၂ ရာခိုင်နှုန်း ဖြတ်တောက်လိုက်ပြီး WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ကလည်း ရန်ပုံငွေနည်းပါးလာလို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတစ်ဦးအတွက် လစဉ် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာထောက်ပံ့နေရာက ပြီးခဲ့တဲ့ မတ်လကစပြီး ၁၀ ဒေါ်လာသာထောက်ပံ့နိုင်ပါတော့တယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org