မောင်တောက နေရပ်ပြန်ရိုဟင်ဂျာတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံခါလီဒုက္ခသည် စခန်းကနေ ပြန်ဝင်လာတဲ့ ရိုဟင်ဂျာတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေထဲမှာ ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကိုဗစ်လူနာ Case-234 ကို လှဖိုးခေါင်စခန်းကနေ မောင်တောပြည်သူ့ဆေးရုံကို ၂၀၂၀ ဇွန် ၄ ရက်နေ့က ခေါ်ဆောင်လာစဉ် ဓါတ်ပုံ - ချစ်ထူးခိုင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံခါလီဒုက္ခသည်စခန်းကနေ ပြန်ဝင်လာတဲ့ ရိုဟင်ဂျာတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေထဲမှာ ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရတဲ့ အသက် ၃၈ နှစ်အရွယ် အဲဒီမွတ်ဆလင်အမျိုးသားဟာ ပြီးခဲ့တဲ့မေလ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံခါလီဒုက္ခသည်စခန်းကနေ နယ်စပ်ဖြတ်ကျော်ပြီး မောင်တောဒေသကို ပြန်လည်ဝင်ရောက် လာခဲ့သူပါ။

ဇနီးနဲ့ ကလေး သုံးဦး၊ စုစုပေါင်း ငါးဦး မူလနေထိုင်ခဲ့တဲ့ မောင်တောမြို့နယ်မြောက်ပိုင်း ဦးရှည်ကျကျေးရွာကို မေလ ၃၀ ရက်နေ့ ညနေမှာ ရောက်ရှိလာခဲ့ကြတာပါ။

နောက်တစ်နေ့မှာ သူအပါအဝင် မိသားစု ငါးဦးကို လှဖိုးခေါင်ကြားခံစခန်းမှာ ထားရှိစစ်ဆေးခဲ့ပြီးနောက်မှာ  ဒီနေ့မနက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သူ့ကို အတည်ပြုလူနာအဖြစ် သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သူနဲ့ထိတွေ့ခဲ့သူတွေကို ကျန်မာရေးဌာနက အဆင့်ဆင့် ဆက်လက်စစ်ဆေးသွားမယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် က RFA ကို ပြောပါတယ်။

“မေလ ၃၀ ရက်နေ့မှာ သူ့ရွာကိုရောက်တဲ့အချိန်မှာ ရွာအုပ်ချုပ်ရေးမှူးက သတင်းပေးတယ်။ မေလ ၃၁ ရက်နေ့မှာ ကျွန်တော်တို့က တခြားဌာနတွေနဲ့ ညှိနှိုင်းပူးပေါင်းပြီး လှဖိုးခေါင်စခန်းကိုပို့ပြီးတော့ သူ့ကို အသွားအလာကန့်သတ်ထားတယ်။ ဇွန်လ ၁ ရက်နေ့မှာ ကျွန်တော်တို့က နှာခေါင်းတို့ဖတ်နမူနာယူတယ်။ ဇွန်လ ၂ ရက်နေ့ပို့တယ်။ မေလ ၃ ရက်နေ့ည အဖြေထွက်တယ်။ အဲဒီအချိန်ထိ သူက အသွားအလာကန့်သတ် ထားတဲ့လူပါ။ ဆိုတော့ မနေ့ညကအဖြေထွက်တယ်၊ ဒီမနက်မှာ သူ့ကို ကိုဗစ်ပိုးတွေ့ရှိလူတစ်ယောက်အနေနဲ့ သူနဲ့ဘယ်သူတွေ ထိတွေ့ခဲ့လဲ၊ ဘယ်သူတွေရှိလဲ၊ ထိတွေ့ခဲ့တဲ့သူတွေကို ကျွန်တော်တို့က အသွားအလာ ကန့်သတ်ထားမယ်။ နှာခေါင်း တို့ဖတ်ယူမယ်၊ စစ်မယ်ပေါ့”

ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတဲ့ မွတ်ဆလင်အမျိုးသားကို လှဖိုးခေါင်စခန်းကနေတဆင့် မောင်တောခရိုင် ပြည်သူ့ဆေးရုံ ကြီးကို ခေါ်ယူပြီး ကြပ်မတ်ကုသနေတယ်လို့လည်း ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

မောင်တောဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ မွတ်ဆလင်တွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ မောင်တော ဒေသကို ပြန်ဝင်လာကြတာ ၇၀၀ ဝန်းကျင်လောက်အထိရှိတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကမ္ဘာအနှံ့ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာတဲ့တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းလောက်ကနေ နေရပ် ပြန်လာကြတဲ့ ဒုက္ခသည်တွေအတွက် လက်ခံရေးအစီအစဉ်ကို မြန်မာအစိုးရက ယာယီရပ်ဆိုင်းခဲ့တာပါ။

ဒါပေမဲ့ အတည်ပြုလူနာ အမျိုးသားနဲ့မိသားစုဟာ နယ်စပ်ခြံစည်းရိုးကိုကျော်ပြီး ခိုးဝင်လာကြသူတွေဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“မေလ ၃၀ ရက်နေ့က ခိုးဝင်လာတာပေါ့။ ခိုးမဝင်ရအောင် အရင်ကတည်းကလုပ်ထားပေမယ့် သူတို့ကခိုးဝင် လာတာ။ လူ့အခွင့်အရေးတို့ ဘာတို့ညာတို့ပြောနေကြတဲ့အခါ ကျွန်တော်တို့က ပြန်ပြီးမောင်းထုတ်လို့ မရ ဘူးလေ။ သူတို့ကို ကနဦးအသွားအလာကန့်သတ်ထားပြီးတော့မှ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက် တွေနဲ့အညီ ဆက်လုပ်ထားရတာပေါ့”

ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့တဲ့ ဦးရှည်ကျကျေးရွာက သူ့ရဲ့ဆွေမျိုးတွေနဲ့ ကျေးရွာသားတွေအားလုံးကို ဒီနေ့ကစပြီး အသွားအလာတွေ ကန့်သတ်ထားတယ်လို့ ဦးရှည်ကျကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆီရာဆလာမ် က RFA ကို ပြောပါတယ်။

“အခုကျန်လိုက်တဲ့ မိသားစုဆွေမျိုးတွေနဲ့ ရွာသားတွေကို အစိုးရဌာနတွေက လောလောဆယ်ခရီးသွားတာတို့ ဘာတို့မလုပ်ခိုင်းနဲ့။ လောလောဆယ်ရွာထဲမှာပဲ ထိန်းထိန်းသိမ်းနေလိုက်ဆိုပြီး ညွှန်ကြားလာတာရှိပါတယ်။ သူတို့ဒီမှာတည်းခဲ့တုန်းက ထိတွေ့ခဲ့တဲ့မိသားစုတွေရှိပါတယ်။ သူတို့တွေကိုလည်း ကျွန်တော်တို့က လော လောဆယ်အပြင်ကို သွားခွင့်မပြုဘဲ ကိုယ့်အိမ်မှာပဲနေခိုင်းထားပါတယ်။ သူတို့နဲ့ထိတွေ့ခဲ့တာက သူတို့ညီ အစ်ကိုမောင်နှမ၊ အမေအဖေ စုစုပေါင်း ၁၇ ယောက်ရှိပါတယ်”

ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွေအရ ဒီနေ့မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၃၄ ဦးအထိ ရှိတယ်လို့ သိရပါတယ်။

အခု မောင်တောဒေသမှာ မွတ်ဆလင်ရိုဟင်ဂျာတစ်ဦးကို ရောဂါပိုး ပထမဆုံးတွေ့ရှိရတာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org