ကော့ဘဇားမှာ မြေပြိုမှုကြောင့် ရိုဟင်ဂျာဒုက္ခသည်အပါအဝင် ခြောက်ဦး သေဆုံး
ကော့ဘဇားခရိုင်မှာ စက်တင်ဘာ ၁၃ ရက်က မြေပြိုတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်သုံးဦးအပါအဝင် ခြောက်ဦး သေဆုံးသွားတယ်လို့ Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။
-
RFA Burmese
2024-09-13 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်မှာ စက်တင်ဘာလ ၁၃ ရက် ဒီမနက်အစောပိုင်းက မိုးသည်းထန်ပြီး မြေပြိုတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်သုံးဦးအပါအဝင် ခြောက်ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။
ကော့ဘဇားခရိုင်ခွဲ မြို့နယ်တစ်ခုဖြစ်တဲ့ ဆာဒါမှာ ဒီနေ့မနက် နေအိမ်ပေါ် မြေပြိုကျရာက အသက် ၂၆ နှစ်အရွယ် အမျိုးသမီးနဲ့ သမီးဖြစ်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်ခရိုင်ခွဲ မြို့နယ်တစ်ခုဖြစ်တဲ့ ဥခီယာမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာလည်း မြေပြိုမှုကြောင့် မိသားစုဝင် အမျိုးသားသုံးဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒီမြေပြိုမှုမှာတော့ နေအိမ်သုံးလုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကော့ဘဇားခရိုင်ဟာမှာ စက်တင်ဘာလ ၁၂ ရက် မနေ့ ညနေ ခြောက်နာရီကနေ စက်တင်ဘာလ ၁၃ ရက် မနက် ခြောက်နာရီအထိ မိုးရေချိန် ၃၇၈ မီလီမီတာအထိ စံချိန်တင်ရွာခဲ့တယ်လို့ ဒေသမိုးလေဝသအရာရှိတွေ က ပြောပါတယ်။