ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ခြေ ၂ဝဝ ကျော် မီးလောင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မေလ ၂၄ ရက်နေ့က အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ပြာကျသွားပြီး လူ ၅ဝဝ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မေလ ၂၄ ရက်နေ့က အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ပြာကျသွားပြီး လူ ၅ဝဝ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မီးလောင်မှုကြောင့် လူတွေ ထိခိုက်တာမရှိပေမဲ့ လူ ငါးရာနီးပါး အိုးအိမ်မဲ့သွားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သင်္ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်များအစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ကိုခင်မောင်က ပြောပါတယ်။

"လူတွေထိခိုက်တာတော့ မရှိဘူး၊ အမှတ် ၁၃ မှာစတာလေ၊ အိမ်ကတော့ ၂၀၀ ကျော် ပါသွားတယ်ကြားတယ်၊ လူကတော့ ၅၀၀ နီးပါး အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတာပေါ့"

မီးလောင်ရတဲ့အကြောင်းရင်း အတိအကျ မသိရသေးပါဘူးလို့လည်း ကိုခင်မောင်က ပြောပါတယ်။ အိမ်ပျက်စီးသွားသူတွေကို အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေက အကူအညီပေးနေသလို နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ယာယီနေထိုင်နေကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၅ မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေ ၉၅ဝ လောက် မီးလောင်ပြာကျသွားပြီး လူ ခုနစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ကော့ဘဇားမှာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေသန်းနဲ့ချီနေပြီး ကမ္ဘာပေါ်မှာအကြီးဆုံး ဒုက္ခသည်စခန်းနေရာလည်းဖြစ်ပါတယ်။ အဲဒီဒုက္ခသည်စခန်းမှာ တဲအိမ်တွေကြား အစုလိုက်အပြုံလိုက်နေနေရတာကြောင့် မကြာခဏမီးလောင်လေ့ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org