လှေစီးထွက်ပြေးတဲ့ ရိုဟင်ဂျာအရေအတွက် တိုးလာနေကြောင်း UNHCR ပြော

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာကြောင့် လှေစီးထွက်ပြေးတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေအတွက် ပိုများလာတယ်လို့ UNHCR က ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။ Cek MAD / AFP

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာကြောင့် လှေစီးထွက်ပြေးတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေအတွက် ပိုများလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက လှေနဲ့ ထွက်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၇၈၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၈၀ ရာခိုင်နှုန်း ပိုများလာတယ်လို့ ဆိုပါတယ်။ အခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာလည်း လှေနဲ့ထွက်ပြေးတဲ့ ရိုဟင်ဂျာ ခုနစ်ရာခန့် ရှိနေတယ်လို့ ဖော်ပြပါတယ်။

ဒုက္ခသည်တွေဟာ ပင်လယ်ပြင်ကနေ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာနိုင်ငံတွေအထိ ရောက်ရှိအောင် ဦးတည်ထွက်ပြေးကြတာလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်က ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့လည်း ကြိုးစားခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဇန်နဝါရီလကုန်ပိုင်းကလည်း အင်ဒိုးနီးရှားနိုင်ငံ ဆူမတြားကျွန်းကို လှေစီးထွက်ပြေးလာတဲ့ ရိုဟင်ဂျာ နှစ်ရာကျော် ရောက်ရှိခဲ့ပြီး မလေးရှားနိုင်ငံ လန်ကာဝီ ကျွန်းနားကိုလည်း စက်လှေနှစ်စီးနဲ့ ရိုဟင်ဂျာ သုံးခန့် ရောက်ရှိခဲ့ပါတယ်။

မုတ်သုံလေတိုက်နှုန်းကျဆင်းပြီး ပင်လယ်ရေ ငြိမ်သက်လာတာနဲ့အမျှ လှေစီးဒုက္ခသည်တွေ စံချိန်တင် မြင့်တက်လာနိုင်တယ်လို့ Save the Children အဖွဲ့က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org