ကပ်ဘေးကာလ နယ်စပ်တရားမဝင် ဖြတ်လာသူ ရိုဟင်ဂျာဒုက္ခသည် ၁၃ ဦး ထောင်ချခံရ
ကပ်ဘေးကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၃ ဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ဥပေဒ ပုဒ်မတွေနဲ့ မောင်တောမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်တယ်လို့ သိရကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
-
2020-07-22 -
-
-
ကပ်ဘေးကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၃ ဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ဥပေဒပုဒ်မတွေနဲ့ မောင်တောမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်တယ်လို့ သိရကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ခိုးဝင်လာတဲ့သူ ၁၃ ဦးထဲက ၁၀ ဦးဟာ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ပြီး သုံးဦးက အားပေးကူညီတာ ကြောင့် တရားမဝင်ခိုးဝင်မှု ပုဒ်မ ၁၃ (၁)၊ အားပေးကူညီမှုပုဒ်မ ၁၃ (၅) တို့နဲ့ မောင်တောမြို့နယ် တရားရုံးက ထောက်ဒဏ် ၆ လစီ ချမှတ်ခဲ့တာသိရပါတယ်။
မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်က ခိုးဝင်လာသူတွေကို ထောင် ၆ လ ချမှတ်တယ်လိ့ု ကြားရကြောင်းနဲ့ အရင်က ဘင်္ဂလားဒေ့ရ်ှကနေ ပြန်လာသူတွေကို နှစ်နိုင်ငံ ပြန်လည်လက်ခံရေး အစီအစဉ်ဖြစ်တဲ့ UEHRD အစီအစဉ်နဲ့ မိမိဆန္ဒအရ ပြန်လာသူတွေကို လက်ခံနေတာကြောင့် လဝက ဥပဒေတွေနဲ့ အရေးယူတာတွေ ရပ်နားခဲ့တယ်လို့ပြောပါတယ်။
အခုနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ရင်ဆိုင်နေရချိန်မှာ ပြန်လည်လက်ခံရေးကို ရပ်နားထားတာကြောင့် ထပ်မံခိုးဝင်တဲ့သူတွေကို လဝကဥပဒေတွေနဲ့ အရေးယူတာလို့ ဦးထွန်းလှစိန်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက) တာဝန်ရှိသူတွေကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ ခိုးဝင်လာသူတွေကို ထောင်ချတယ်ဆိုတာကို အတည်ပြုပြောဆိုပေမယ့် အရေအတွက်နဲ့ ဘယ်လောက်ချတယ်ဆိုတာကို လဝကကိုမေးဖို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင် ခိုးဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၁ ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပေဒပုဒ်မတွေနဲ့ မောင်တောမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ထားပါတယ်။