မလေးရှားသွားမယ့်ရိုဟင်ဂျာတဖွဲ့ကို လှည်းကူးမြို့နယ်မှာ ရဲတပ်ဖွဲ့ဖမ်းဆီး
ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကိုသွားမယ့် ရိုဟင်ဂျာ ၄၉ ယောက်ကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ မနေ့က ဖမ်းမိခဲ့ပါတယ်။
-
နန္ဒာချမ်း
2020-02-20 -
-
-
ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကိုသွားမယ့် ရိုဟင်ဂျာ ၄၉ ယောက်ကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ မနေ့က ဖမ်းမိခဲ့ပါတယ်။ ပုသိမ်မြို့မှာလည်း အရင်ဖမ်းမိထားတဲ့ ရိုဟင်ဂျာ ၉၆ ယောက်ရဲ့အမှုကို ဒီကနေ့ စစ်ဆေးခဲ့တာပါ။ ဒီပြဿနာဟာ လူကုန်ကူးမှုလမ်းကြောင်းတခု ဖြစ်လာနေတာကြောင့် စိုးရိမ်စရာကောင်းပြီး၊ အစိုးရက စီမံကိန်းချ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြခဲ့ကြပါတယ်။
ဒီရိုဟင်ဂျာ ၄၉ ယောက်ကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ် စာဘူးတောင်းကျေးရွာအုပ်စုနားက တောထဲမှာ မနေ့က ဖမ်းမိခဲ့တာပါ။ အမျိုးသား ၁၈ ယောက်၊ အမျိုးသမီး ၂၈ ယောက်နဲ့ ကလေး ၃ ယောက် ပါပါတယ်။ လက်ရှိ သူတို့ကို အာဏာပိုင်တွေ စစ်နေတယ်လို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း က ပြောပါတယ်။
“သူတို့ကို ညကတည်းက ဖမ်းဆီးမိတယ်။ ပြီးတော့ စစ်တယ်။ ဒီညနေတော့ လွှဲပေးမယ်လို့တော့ပြောတယ်။ အင်းစိန်ပို့မလား၊ ဘယ်ကိုပို့မလဲတော့ မသိသေးဘူး”
ရိုဟင်ဂျာတွေဘက်က အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်သဇင်မြင့်မြတ်ဝင်း ကလည်း - သူတို့ကို မနက်ဖြန်မှာ ရုံးတင်တရားစွဲဆိုဖို့ ရှိတယ်လို့ RFA ကို ပြောပါတယ်။
“ဆေးစစ်နေတယ်။ အမှုတွဲပြင်ဆင်နေတယ်။ စစ်ချက်တွေ ယူနေတယ်။ မနက်ဖြန်တော့ ရုံးတင်မယ်လို့ ပြောတယ်”
ဒီရိုဟင်ဂျာ ၄၉ ယောက်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်တွေကနေ မလေးရှားနိုင်ငံကို သွားမယ့်သူတွေပါ။ သူတို့ကို ဖမ်းမိခဲ့တဲ့ တောထဲမှာ နောက်ထပ် ရှိနေနိုင်သေးတယ်လို့ ရဲဘက်က သံသယရှိတာကြောင့် ဆက်ပြီး ရှာဖွေနေပါတယ်။ ဒီကနေ့မှာလည်း နောက်ထပ် ရိုဟင်ဂျာ ၉၆ ယောက်ရဲ့ အမှုကို ပုသိမ်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။ မလေးရှားဖို့သွားဖို့ ကြိုးစားရင်း သူတို့ကို မနှစ် နိုဝင်ဘာလကတည်းက ဧရာဝတီတိုင်းမှာ ဖမ်းမိခဲ့တာပါ။ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ ဒေသတွင်း နိုင်ငံတွေကို ရေလမ်းကနေရော၊ ကုန်းလမ်းကနေပါ လူမှောင်ခိုပွဲစားတွေရဲ့ အကူအညီနဲ့ ထွက်ခွာဖို့ ကြိုးစားရင်း မကြာခဏ ဖမ်းဆီးခံရလေ့ရှိပါတယ်။ တချို့လည်း ပင်လယ်ပြင်မှာ စက်လှေမှောက်ရင်း သေဆုံး ကြရတာပါ။ ဒီလူတွေဟာ လူကုန်ကူးသူတွေရဲ့ အဓိကပစ်မှတ်ဖြစ်လာနေတဲ့အတွက် စိုးရိမ်စရာကောင်းတယ် လို့ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။
“လူကုန်ကူးမှုပြဿနာတွေကို ကြည့်လိုက်တိုင်း လူကုန်ပွဲစားတွေက နေရာဒေသမတည်ငြိမ်တာတွေ၊ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီဒေသကို စွန့်ခွာပြေးချင်တဲ့သူတွေကို ပစ်မှတ်ထား လုပ်ဆောင်တာ ရှိပါတယ်။ အခု ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စတွေက လူကုန်ကူးသူတွေရဲ့ အကြိုက်ဖြစ်နေတယ်။ တဘက်ကလည်း သွားချင်နေတယ်။ တဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်မှု သိပ်မရှိဘူး။ ဒါကြောင့်မို့ ဒီကိစ္စကို အရေးတယူ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လူသားကမှ လူကုန်ကူးမှု သားကောင် မဖြစ်သင့်တဲ့အတွက်ကြောင့်မို့ ဖြစ်ပါတယ်။ ဒီလူကုန်ကူးမှုကို လာရောက်ပြီးတော့ သွေးဆောင်တဲ့ လူကုန်ကူးတဲ့ဂိုဏ်းတွေပဲ ဖြစ်ဖြစ်၊ ပွဲစားတွေပဲဖြစ်ဖြစ်၊ ဒါတွေကို လူကုန်ကူးမှုမဖြစ်ခင်မှာ စုံစမ်းဖော်ထုတ်ပြီးတော့ အရေးယူမှ မဖြစ်အောင် တားဆီးနိုင်မှာဖြစ်တယ်။ နောက်တခုက လူကုန်ကူးတဲ့သူတွေက ဒေသတည်ငြိမ်မှုမရှိတဲ့ ပတ်ဝန်းကျင်ကို ဘာကြောင့် သဘောကျသလဲဆိုတော့ ဥပဒေစိုးမိုးမှုမရှိဘူး။ ထိရောက်တဲ့ ကာကွယ်မှုမရှိဘူး။ အဲ့ဒါတွေကို တိုက်ဖျက်နိုင်ဖို့အတွက် လူကုန်ကူးမှုလမ်းကြောင်းတွေ၊ ဖြစ်နိုင်တဲ့ အခြေအနေတွေကို လေ့လာပြီးတော့ ဒါတွေကို လုံခြုံရေးကောင်း အောင် မဖြစ်ခင် ကြိုတင်တားဆီးနိုင်တဲ့ ဥပဒေစိုးမိုးမှုဖြစ်အောင် ချက်ခြင်းလုပ်ဆောင်ရမယ့် အခြေအနေမျိုးလို့ ကျနော် ပြောချင်ပါတယ်”
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခနဲ့ ၂၀၁၇ ခုနှစ်နှောင်းပိုင်း ARSA အကြမ်းဖက် အဖွဲ့ကို နှိမ်နင်းတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးခဲ့ကြသလို၊ တချို့ကလည်း ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ ရှိနေတာပါ။ သူတို့တွေဟာ ဒုက္ခသည်စခန်းတွေကနေ ဒေသတွင်းနိုင်ငံတွေကို အလုပ်အကိုင် အခွင့်အလမ်း တွေအတွက် နည်းမျိုးစုံနဲ့ ထွက်ခွာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
Fortify Rights လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်း ကတော့ - ပြဿနာဖြစ်ရတဲ့ ဇစ်မြစ်ကို အစိုးရက ရှာဖွေ ဖြေရှင်းဖို့ လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
“အဓိကကတော့ အစိုးရအနေနဲ့ ဒီပြဿနာရဲ့ အရင်းအမြစ်ကို သေချာ ဂဃနဏသိအောင် ကြိုးစားဖို့ လိုအပ်တယ်။ ဒီလူတွေက ဘာကြောင့် လူကုန်ကူးခံရတာလဲ။ လူကုန်ကူးခံရစေဖို့ ဘယ်လို အကြောင်းရာတွေ က သူတို့ကို လူကုန်ကူးခံရဖို့အတွက်ကို သားကောင်တွေ ဖြစ်စေတာလဲ။ ဒီလိုမျိုး လူကုန်ကူးခံရပြီးလို့ရှိရင်လည်း ပြန်လည် ကုစားပေးဖို့ အစိုးရအနေနဲ့ ဘာတွေ လိုသလဲပေါ့နော်။ အခုလက်ရှိမှာ ဒီလူတွေကို ဖမ်းတယ်။ ထောင်ချမယ်။ ပြီးရင် နေရပ်ပြန်ပို့မယ်ဆိုတာက ကျနော် အမြဲတမ်းပြောပါတယ်။ ဒါ အဖြေမဟုတ်ဘူး”
ကမ္ဘာတဝှမ်းမှာ လူကုန်ကူးခံရသူအရေအတွက် ၂၅ သန်းနီးပါးရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံကို Tier 3 လူကုန်ကူးမှု အဆိုးရွားဆုံးနိုင်ငံစာရင်းမှာ ထည့်သွင်းထားပြီး၊ မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ထင်ရှားတဲ့ ကြိုးပမ်းမှုတွေ မတွေ့ရဘူးလို့ ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအပါအဝင် စစ်ဖြစ်နေတဲ့ဒေသတွေမှာ လူနည်းစုတိုင်းရင်းသားတွေဟာ ဒုက္ခသည်ဖြစ်နေကြရပြီး၊ လူကုန်ကူးခံရမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။