ရိုဟင်ဂျာတွေ ဘယ်နိုင်ငံရောက်ရောက် အန္တရာယ်နဲ့ကြုံနေရကြောင်း MSF ပြော

ရိုဟင်ဂျာအများစုဟာ စိတ်ကျန်းမာရေးပြဿနာ ရှိနေကြပြီး အများစုက တီဘီနဲ့ ဝက်သက်လို ကူးစက်ရောဂါတွေ ခံစားနေရကြောင်း MSFဆရာဝန်တစ်ဦးက ပြောပါတယ်။

မလေးရှားနိုင်ငံသို့ ၂ဝ၁၈ ခုနှစ် ဧပြီလ ၃ ရက်နေ့က စက်လှေဖြင့် ဆိုက်ရောက်လာကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား တွေ့ရစဉ်။ Photo: Reuters

မြန်မာနိုင်ငံ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ လှေနဲ့ မလေးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်အကိုင်နဲ့ ပညာရေးမှာ အကန့်အသတ်တွေ အခက်အခဲတွေ ကြုံနေရဆဲဖြစ်တယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က အောက်တိုဘာ ၂ ရက်နေ့က ပြောဆိုပါတယ်။

မလေးရှားမှာ နိုင်ငံမဲ့အဖြစ် တရားမဝင်နေထိုင်နေကြတဲ့ ရိုဟင်ဂျာ နှစ်သိန်းကျော် ရှိနေပြီး သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က အကာအကွယ်ပေးထားပေမယ့် ငွေညှစ်ခံရတာ၊ ခေါင်းပုံဖြတ်ခံရတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ကြုံနေကြရတယ်လို့ ဆိုပါတယ်။

ပီနန်းမြို့မှာ MSF က ဒုက္ခသည်တွေကို စိတ်ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေပြီး အများစုက ရိုဟင်ဂျာလူမျိုးတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာအများစုဟာ စိတ်ကျန်းမာရေးပြဿနာတွေရှိနေကြကြောင်းနဲ့ အများအပြားဟာလည်း တီဘီရောဂါနဲ့ ဝက်သက်ရောဂါလို ကူးစက်ရောဂါတွေ ခံစားနေကြရကြောင်း  MSF ဆရာဝန်တစ်ဦးက ပြောပါတယ်။

အဲဒီရောဂါတွေအတွက် ကာကွယ်ဆေးကို မလေးရှားနိုင်ငံသားတွေက ရနိုင်ပေမယ့် နိုင်ငံသားမဟုတ်သူက တချို့အခြေအနေတွေမှာသာ အခမဲ့ရနိုင်တယ်လို့ ဆိုပါတယ်။ UNHCR မှာ မှတ်ပုံတင်မထားတဲ့သူတွေအနေနဲ့ ဖမ်းဆီးခံရမှာစိုးရိမ်တာကြောင့် ပုန်းရှောင်နေကြပြီး လူထူထပ်မှုကြောင့်  ကူးစက်မှုတွေ ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org