နတ်မြစ်အတွင်း ရိုဟင်ဂျာလှေမှောက်ပြီး ဆယ်ဦးထက်မနည်း သေဆုံး
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် လှေတစ်စင်း ဩဂုတ် ၆ ရက်နေ့က နတ်မြစ်ထဲမှာ နစ်မြုပ်သွားတာကြောင့် ကလေးတွေအပါအဝင် ဆယ်ဦးထက်မနည်း သေဆုံးသွားပါတယ်။
-
RFA Burmese
2024-08-07 -
-
-
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် လှေတစ်စင်း ဩဂုတ် ၆ ရက်နေ့က နတ်မြစ်ထဲမှာ နစ်မြုပ်သွားတာကြောင့် ကလေးတွေအပါအဝင် ဆယ်ဦးထက်မနည်း သေဆုံးသွားပါတယ်။
အဲဒီလှေပေါ်မှာ ရိုဟင်ဂျာ ၂၉ ဦး လိုက်ပါလာပြီး ဆယ်ဦးရဲ့ ရုပ်အလောင်းတွေကိုပဲ ဆယ်ယူရရှိထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်စပ် Teknaf နယ်စပ် မြို့အာဏာပိုင်တွေက AFP ကို ပြောထားပါတယ်။ လှေမှောက်ပြီးနောက် ကမ်းပေါ် ကူးခတ်လာနိုင်သူတွေ ရှိပေမဲ့ ပျောက်ဆုံးနေသူတွေ ရှိနေဆဲပဲလို့လည်း ဆိုပါတယ်။
ဩဂုတ်လ ၅ ရက်နေ့ကလည်း မောင်တောမြို့နယ်က ရိုဟင်ဂျာတွေ ထွက်ပြေးဖို့ စက်လှေစောင့်နေတဲ့ နတ်မြစ်အနီးကို လက်နက်ကြီးအပါအဝင် ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရိုဟင်ဂျာ နှစ်ရာကျော် သေဆုံးခဲ့တယ်လို့ အသက်ရှင်ကျန်ခဲ့သူတွေက RFA ကို ပြောထားပါတယ်။
ပြီးခဲ့တဲ့ မေလလောက်ကစပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် အဲဒီက ရိုဟင်ဂျာတွေဟာ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေကို အာဏာပိုင်တွေက ပြန်လည်မောင်းထုတ်တာ၊ မြန်မာဘက်ကို ပြန်ပို့တာတွေလည်း မကြာခဏ ရှိနေပါတယ်။