ရိုဟင်ဂျာတွေ ပြန်ပို့ရေး ဆိုင်းငံ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက Unchiprang ရိုဟင်ဂျာစခန်းမှာ ဒုက္ခသည် တထောင်ခန့်က ရခိုင်ပြည်နယ်ကို မပြန်ဘူးဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပြီးနောက် ပြန်ပို့ရေးအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဆိုင်းငံ့ထားလိုက်ပြီလို့ နောက်ဆုံးရ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသရှိ Unchiprang ဒုက္ခသည်စခန်းက မပြန်ချင်တဲ့ ရိုဟင်ဂျာတွေ ၂၀၁၈ နိုဝင်ဘာလ ၁၅ ရက်နေ့က ဆန္ဒပြစဉ် Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက Unchiprang ရိုဟင်ဂျာစခန်းမှာ ဒုက္ခသည် တထောင်ခန့်က ရခိုင်ပြည် နယ်ကို မပြန်ဘူးဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပြီးနောက် ပြန်ပို့ရေးအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဆိုင်းငံ့ထားလိုက်ပြီလို့ နောက်ဆုံးရ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက အသံချဲ့စက်ကနေ ဒုက္ခသည်တွေကို သူတို့ပြန်ဖို့ ကားတွေ အစားအစာတွေ အဆင်သင့်စီစဉ်ထားပါတယ်။ နယ်စပ်ကိုပို့ပေးမယ်လို့ ပြောဆိုရာမှာ ရိုဟင်ဂျာ မွတ်စလင်တွေက သူတို့ မပြန်ဘူးလို့ သံပြိုင်အော်ဟစ်ကြတယ်လို့ AP သတင်းမှာ ဖေါ်ပြပါတယ်။

ရိုက်တာသတင်းမှာတော့ အဲဒီ ရိုဟင်ဂျာတွေက ငါတို့ တရားမျှတမှုကို လိုချင်တယ်။ နိုင်ငံသားဖြစ်ခွင့်မရရင် မြန်မာပြည်ကို ငါတို့ ဘယ်တော့မှ ပြန်မှာ မဟုတ်ဘူးဆိုတဲ့ စာတန်းပါဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ အရာရှိတွေကတော့ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့်စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေအတွက် မြန်မာအစိုးရက အာမခံချက်တွေ ပေးထားပေမယ့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ ကတော့ သူတို့ပြန်ဖို့ အခြေအနေတွေ မပြည့်စုံသေးဘူးလို့ ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ညွန်ကြားရေးမှူး Bill Frelick ဘီလ် ဖရဲလစ်က မြန်မာအစိုးရ ပြောသလို ဒုက္ခသည်တွေအတွက် လုံခြုံမှုမရှိသေးပါဘူး။ ရိုဟင်ဂျာတွေပြန်ဖို့ မသင့်သေးဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အရာရှိတွေက ပြောကြားထားပါလျှက်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ သူတို့ကို အဓမ္မပြန်ပို့ခဲ့မယ်ဆိုရင် နိုင်ငံတကာရဲ့ ဆန့်ကျင်မှုတွေကို အံသြဖွယ် ကြုံတွေ့ရလိမ့်မယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရ ဒုက္ခသည်များဆိုင်ရာ အကြီးအကဲ မိုဟာမက် အဘူလ် ကလမ်း က ရိုဟင်ဂျာတွေ ပြန်ပို့ဖို့ အစစအရာရာ အဆင်သင့်ဖြစ်ကြောင်း၊ ဒါပေမဲ့ အဲဒီဒုက္ခသည်တွေအနက် ဘယ်သူကမှ အခုပြန်ရင် လုံခြုံမယ်လို့ မထင်ကြကြောင်းနဲ့ သူတို့ကို အဓမ္မပြန်ပို့မှာ မဟုတ်ကြောင်း AFP ကိုပြောတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org