ဘင်္ဂလားဒေ့ရှ်စခန်း ဗိုင်းရပ်စ်ကူးစက်မှု ဒုက္ခသည်များအကြား စိုးရိမ်စရာဖြစ်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည် စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရတဲ့သူ နှစ်ဦးကို ပထမဆုံး တွေ့ရှိထားတာကြောင့် လူတစ်သန်းနီးပါးနေထိုင်တဲ့ အဲဒီ ဒုက္ခသည်စခန်းထဲမှာ နောက်ထပ်ကူးစက်မှုတွေ ဖြစ်လာမှာကို ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ နှာခေါင်းစည်းမဝတ်ဘဲ သွားလာနေကြတဲ့ ဒုက္ခသည်များကို ၂၀၂၀ မတ် ၂၄ရက်နေ့ က တွေ့ရစဉ် Photo: AFP

ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ် ကော့ဆက်ဘဇားဒေသမှာ မနေ့ကအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၂ယောက်ရှိပြီး အဲဒီအထဲက နှစ်ယောက်ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ထားပါတယ်။


အဲဒီ နှစ်ယောက်ထဲကမှ ရိုဟင်ဂျာတစ်ယောက်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာသူ တစ်ယောက်ဖြစ်တယ်လို့ UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Louise Donovan က RFA ကို အတည်ပြုပြောထားပါတယ်။ သူဟာ ကုတုပါလောင်ဒုက္ခသည်စခန်း အမှတ် ၁ အရှေ့ဘက် စခန်းက အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ယောက် ဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

RFA က နောက်ထပ်ရရှိတဲ့ သတင်းအချက်အလက်တွေအရ ဒီ နှစ်ဦးထဲက တစ်ဦးဟာ ရခိုင်ပြည်နယ်  မောင်တော မြို့နယ် ခမောင်းဆိပ်ကျေးရွာအုပ်စုကနေ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှု ဖြစ်စဉ်တွေနောက်ပိုင်း ထွက်ပြေးသွားသူ တစ်ဦးဖြစ်ပြီး ဒုက္ခသည်စခန်းမှာ ကွမ်းရွက်ရောင်းပြီး အသက်မွေးနေရသူ ဖြစ်တယ်လို့လည်း ဒုက္ခသည်တွေက ပြောကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူလူနာတွေ ကုတုပါလောင်လို လူအစုလိုက်အပြုံလိုက် နေရတဲ့နေရာမှာ တွေ့ရတော့ ကျန်တဲ့သူတွေအတွက် အတော်စိုးရိမ်တယ်လို့ ကုတုပါလောင် ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဦးအောင်မြိုင်က ပြောပါတယ်။

“ နေရာတစ်ခုထဲမှာ စုပြီးနေရတယ် အကြပ်အတည်းမှာ လူတွေကများတယ် အဲကြောင့် ကျနော်တို့က အများကြီးစိုးရိမ်တယ်၊ လူဆယ်သိန်းနီးပါး တစ်နေရာထဲမှာဆိုတော့ တခြားလူတွေထက်စာရင် အများကြီး စိုးရိမ်စရာပါဘဲ၊”


ဒုက္ခသည်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မရသလို အာဏာပိုင်တွေဘက်က ကျန်းမာရေး အသိပညာပေးတာတွေလည်း နည်းတာကြောင့် လူအစုလိုက်အပြုံလိုက် ကူးစက်မှာကို စိုးရိမ်နေကြတာပါ။

တစ်ကမ္ဘာလုံး ထိတ်လန့်နေရတဲ့ ဗိုင်းရပ်စ်ဟာ လူအများဆုံးနေတဲ့ ဒုက္ခသည်စခန်း ရောက်နေတာကြောင့် ဘင်္ဂလားဒေ့ရ်ှအစိုးရ အပါအဝင် နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ကူညီပေးဖို့ ရိုဟင်ဂျာ လူငယ်အစည်းအရုံးဒါရိုက်တာ ကိုခင်မောင် က တောင်းဆိုလိုက်ပါတယ်။

“ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခု လူအများကြီးရှိတဲ့ ဒုက္ခသည်စခန်းထဲမှာ တွေ့တာဟာ အင်မတန် စိတ်ပူစရာကောင်းသလို စိုးရိမ်ဖို့လည်းကောင်းပါတယ်၊ ဒါကို နိုင်ငံတကာရော၊ ဘင်္ဂလားဒေ့ရှ်အစိုးရလည်း အာရုံစိုက်ဖို့လိုပါတယ်၊ ဒါကို အလေးထား ဆောင်ရွက်ပေးဖို့လိုပါတယ်၊ အကယ်လို့ အချိန်မှီ မထိန်းခဲ့နိုင်မယ်ဆိုရင် မထိန်းနိုင်မသိမ်းနိုင် အခြေအနေထိ ရောက်ပါလိမ့်မယ်၊ နိုင်ငံတကာကို မေတ္တာရပ်ခံချင်တာက အချိန်မှီကာကွယ်ကြပါလို့ ”


ဒါ့အပြင် ဒုက္ခသည်စခန်းတွေမှာ အင်တာနက်လည်း ပိတ်ထားတာကြောင့် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ သိရဖို့ ခက်ခဲနေပြီး ပြန်ဖွင့်ပေးဖို့လည်း နိုင်ငံတကာအဖွဲ့တွေနဲ့ ဒုက္ခသည်တွေက တောင်းဆိုနေကြပါတယ်။

လူတွေ စုပြုံနေကြတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေနိုင်ဖို့လည်း ခက်ခဲနေတာကြောင့် ရောဂါကူးစက်ခံရနှုန်း အများဆုံးနေရာ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဒုက္ခသည်စခန်းတွေမှာ ရောဂါပိုးတွေ့ရင် ဆက်ပြီး အများကြီး ကူးစက်နိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုတယ်လို့ ရန်ကုန်မြို့မှာ ရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ဒေါက်တာ ကျော်စွာဦး က ပြောပါတယ်။

“ လူအများစုဝေးနေတဲ့ နေရာမှာ ရောဂါပိုးတွေမယ်ဆိုရင် အထူးဂရုစိုက်ရပါမယ်၊ အဲကနေ အများကြီး ပျံ့နှံသွားနိုင်ပါတယ်၊ အဲနေရာမှာ တာဝန်ရှိသူတွေအနေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့လိုမယ်၊ ဒုက္ခသည်စခန်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ၊ အမိန့်တွေကို သူတို့ကိုယ်တိုင် လိုက်နာဖို့လိုပါတယ်”


ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကလည်း ဒီဒုက္ခသည်စခန်းက ပိုးတွေ့ ဒုက္ခသည်တွေကို ဦးစားပေးမယ့် အလားအလာ မရှိတာကြာင့် စခန်းတွေမှာ ပိုအခက်အခဲရှိနိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း သူနိုင်ငံသားတွေကို ဦးစားပေး စဉ်းစားမှာဘဲ ဒုက္ခသည်တွေကို နောက်မှစဉ်းစားမှာဘဲ အဲဒါမျိုး ဖြစ်လာပြီဆိုရင်ပေါ့နော် ဒုက္ခသည်တွေရဲ့ ဒုက္ခရောက်မှု၊ ရောဂါပိုပြီးတော့ ကူးလွယ်မယ်၊ အဲရောဂါကြောင့် သေဆုံးမှုများနိုင်တယ်၊ ဘာကြောင်လည်းဆို သူတို့က ဒုက္ခသည်တွေဖြစ်တော့ နိုင်ငံတကာရဲ့ ပံ့ပိုးမှု၊ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ မြန်မာအစိုးရရဲ့ ပံံ့ပိုးမှုတွေ လုံလုံလောက်လောက်ရဖို့ အခွင့်အရေး အရမ်းနည်းတယ်၊ အဲလိုအခြေအနေကိုက စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ”


ဘင်္ဂလားဒေ့ရ်ှ အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေး အပါအဝင် အထောက်အပံ့တွေ မပေးနိုင်ရင် ပွင့်ပွင့်လင်းလင်းပြောပြီး နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီ ရယူသင့်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဒီဗိုင်းရပ်စ်ကြောင့်  အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မနေ့ကညပိုင်းထိ သေဆုံးတဲ့သူ ၃ဝဝ နီးပါးနဲ့ ရောဂါကူးစက် ခံထားရတဲ့သူ ၁၉၀၀၀ လောက်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ  ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရတဲ့သူ စတင်တွေ့ရှိပြီး နောက်ပိုင်း မတ်လ ၂၆ ရက်နေ့ကစပြီး အစိုးရက အသွားအလာ ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁သန်းကျော်ဟာ ကော့ဆက်ဘဇားက ဒုက္ခသည်စခန်း ၃၄ ခုမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org