ရိုဟင်ဂျာလှေတစ်စင်း အင်ဒိုနီးရှားမှာကမ်းတင်

အမျိုးသမီးနဲ့ ကလေးငယ်တွေပါ လိုက်ပါလာတဲ့ အဲဒီစက်လှေဟာ ပင်လယ်ပြင်ထဲမှာ ၁၅ ရက်လောက် မျောနေပြီးနောက် ကမ်းတင်လာတာလို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဆိုပါတယ်။

၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေသို့ ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များ။ Reuters

ရိုဟင်ဂျာဒုက္ခသည် ၆၉ ဦး လိုက်ပါလာတဲ့ နောက်ထပ်စက်လှေတစ်စင်း ဖေဖော်ဝါရီလ ၁၆ ရက် ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက်ရှိလာတယ်လို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေပါ လိုက်ပါလာတဲ့ အဲဒီစက်လှေဟာ ပင်လယ်ပြင်ထဲမှာ ၁၅ ရက်လောက် မျောနေပြီးနောက် ကမ်းတင်လာတာလို့ ဆိုပါတယ်။

Photo: AFP

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက "မျောနေတဲ့ ၁၅ ရက်လုံးလုံး ကျွန်တော်တို့မှာ ဘာမှစားစရာမရှိလို့ အငတ်နေခဲ့ရတယ်" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာလည်း နေရေးထိုင်ရေး အဆင်မပြေတဲ့အတွက် ပင်လယ်ကိုဖြတ်ပြီး နောက်ထပ်နိုင်ငံတစ်နိုင်ငံကို အသက်စွန့်ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

Photo: Reuters

ပြီးခဲ့တဲ့လတွေအတွင်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက်လာတဲ့ ဒုက္ခသည်ဦးရေ ရာနဲ့ချီပြီး ရှိနေပြီလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

ငါးဖမ်းစက်လှေတွေနဲ့ ပင်လယ်ကူးပြီးထွက်ပြေးလာရင်း အရေအတွက် မခန့်မှန်းနိုင်တဲ့ ဒုက္ခသည်တွေဟာ ပင်လယ်ပြင်မှာပဲ အစာရေစာငတ်ပြတ်ပြီး သေဆုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။

Photo: Reuters

ဒီနေ့ ကမ်းတင်လာတဲ့အထဲက ရိုဟင်ဂျာတစ်ဦးက "ကျွန်တော့်ဘဝကို ကောင်းကောင်းမွန်မွန် ဆက်ပြီးရှင်သန်ချင်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြုံခဲ့ရသလို အဖမ်းအဆီးခံရတာတွေ မကြုံချင်တော့ဘူး" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org