ဒုက္ခသည် ၂၂၆ဝ ကို စတင်လက်ခံမည်
ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့် ဒုက္ခသည်တွေ လက်ခံရေးလုပ်ငန်းစဉ်မှာ နိုဝင်ဘာလလယ်ပိုင်းကစပြီး ပထမအသုတ် အဖြစ် လူဦးရေ ၂၂၆ဝ ကို ပြန်လည်လက်ခံဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူထားတယ်လို့ သိရပါတယ်။
-
2018-11-06 -
-
-
ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့် ဒုက္ခသည်တွေ လက်ခံရေးလုပ်ငန်းစဉ်မှာ နိုဝင်ဘာလလယ်ပိုင်းကစပြီး ပထမအသုတ်အဖြစ် လူဦးရေ ၂၂၆ဝ ကို ပြန်လည်လက်ခံဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူထားတယ်လို့ သိရပါတယ်။
တောင်ပြိုလက်ဝဲနဲ့ ငါးခူရ ပြန်လည်လက်ခံရေးစခန်း ၂ ခုကနေ စုစုပေါင်း တစ်ရက် လူဦးရေ ၃၀၀ လောက်ကို လက်ခံသွားဖို့ စီစဉ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် က RFA ကို ပြောပါတယ်။
ဒီဒုက္ခသည်စာရင်းဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့လာတဲ့ လူဦးရေ ၈ ထောင်စာရင်းထဲက လူဦးရေ ၆ ထောင်နီးပါးကို ပြန်လည်လက်ခံမယ်ဆိုပြီး မြန်မာအစိုးရဘက်က အကြောင်းပြန်ထားတဲ့စာရင်းဖြစ်ပါတယ်။
ပြန်လာတဲ့သူတွေကို လက်ခံရေးစခန်းနှစ်ခုမှာ စိစစ်ပြီးတဲ့နောက် လှဖိုးခေါင်ကြားစခန်းမှာ ယာယီနေရာချထားပြီး အဲဒီကနေမှ သူတို့ရဲ့မူလနေရပ်ကျေးရွာတွေဆီ ပြန်လည်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီလဆန်းလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့မှာ နှစ်ဖက်အစိုးရတာဝန်ရှိသူတွေအကြား သဘောတူညီချက် ရရှိထားတဲ့အထဲမှာ ပထမအသုတ်အနေနဲ့ လူဦးရေ ၂၂၆၀ ကို လက်ခံသွားမယ်ဆိုတဲ့အချက် ပါရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် က အခုလို ပြောပါတယ်။
"ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ကျနော်တို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ပေါ့နော်၊ JOB Working Group အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒါကာမှာ အဲဒီမှာတော့ နှစ်ဖက်သဘောတူခဲ့တာပေါ့နော်၊ ဒီလို နိုဝင်ဘာလ လယ်လောက်မှာ ပထမအသုတ် ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်ပို့ပေးမယ်ဆိုပြီးတော့ ဒါ သဘောတူညီမူရခဲ့ပါတယ်၊ အခုကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ကျနော်တု့ိကို ပြန်ပို့မယ်ဆိုပြီး ပို့တဲ့စာရင်းက ၂၂၆၀ လို့ သိရပါတယ်။ နှစ်နိုင်ငံကြားမှာ ချုပ်ထားတဲ့ MOU နဲ့အညီ ကျနော်တို့ လုပ်နေတာပါ။ MOU မှာ ပါတာကတော့ ကျနော်တို့ စခန်း ၂ ခု ဖွင့်ထားတယ်၊ တစ်ခုစီကနေ တစ်နေ့ကို အယောက် ၁၅၀ ပေါ့ လက်ခံမယ်လို့ပါတယ်။ ဒါကတော့ သဘောတူညီမှုအရတော့ ၃၀၀ ပါ"
ဒါ့အပြင် လုပ်ငန်းစဉ်စတင်ချိန်မှာ သဘောတူထားတဲ့ ပမာဏထက် ပိုတိုးလာရင်လည်း လက်ခံနိုင်ဖို့ ဆောင်ရွက်နေကြောင်း ဦးစိုးဟန် က ပြောပါတယ်။
ရေလမ်းကြောင်းကပြန်လာမယ်ဆိုရင် ငါးခူရစခန်းက ပြန်လည်စိစစ်လက်ခံသွားမှာဖြစ်ပြီး ကုန်းလမ်းက လာမယ်ဆိုရင်တော့ တောင်ပြိုလက်ဝဲလက်ခံရေးစခန်းက စိစစ်လက်ခံသွားမှာ ဖြစ်ပါတယ်။
မြန်မာအစိုးရကတော့ ပြန်လည်လက်ခံရေးအတွက် ဒီနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက အဆင်သင့်ပြင်ဆင်ထားတာဖြစ်တယ်လို့ ပြောပါတယ်။ ပြန်လာတဲ့ဒုက္ခသည်တွေ ယာယီနေထိုင်မယ့် လှဖိုးခေါင်ကြားစခန်း အခြေအနေကို မောင်တော ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး က အခုလို ပြောပါတယ်။
"တောင်ပြိုကော ငါးခူရကော ပြင်ထားပြီးသားပေါ့နော်။ လက်ခံစခန်းမှာ လိုအပ်တဲ့ စာရင်းဇယားဖြည့်သွင်းတာတို့ ဘာတို့လုပ်ပြီးလို့ရှိရင် တစ်ည အိပ်လောက်ပဲ ကျနော်တို့ လျာထားတာပေါ့နော်၊ ပြီးလို့ရှိရင် လှဖိုးခေါင်ကြား စခန်းမှာ သူတို့ကို ယာယီထားမှာပေါ့၊ အဆောက်အအုံက အဲဒီမှာ ၈ ခန်းတွဲ ၆၂၅ လုံး ဆောက်ထားတဲ့ဟာ၊ လူသုံးသောင်းလောက်ကို ထားလို့ရတယ်"
ပြန်လာမယ့်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ ပြန်လည်လက်ခံရေး စခန်း ၂ ခုအပြင် လှဖိုးခေါင်ကြားစခန်းမှာပါ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီမံချက်နဲ့ စီစဉ်ထားပါတယ်။
၂၀၁၇ နှစ်ကုန်ပိုင်း လောက်တည်းက အဲဒီစခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေကို တာဝန်ချပေးထားတယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီမံထားတဲ့အခြေအနေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသန်းထွန်းအောင် က အခုလိုပြောပါတယ်။
"လှဖိုးခေါင်မှာ ၁၀ ယောက်တစ်ဖွဲ့၊ တောင်ပြိုလက်ဝဲမှာ ၁၀ ယောက်တစ်ဖွဲ့၊ ငါးခူရမှာ ၁၀ ယေက်တစ်ဖွဲ့ ဆိုတော့ စခန်း ၃ ခုမှာ စုစုပေါင်း အယောက် ၃၀ ရှိပါတယ်။ လှဖိုးခေါင်ကတော့ ကြားစခန်းပေါ့ ။ အဲဒီမှာ နည်းနည်းလေး ပြန်လည်နေရာချထားရေး အစီအစဉ်လုပ်တုန်းမှာ ကျနော်တို့က ကြပ်မတ်ဆောင်ရွက်ပေးရမယ့် အချိန်ဖြစ်ပါတယ်။ အဲဒီတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်မယ်၊ ကလေးဆိုလည်း ကာကွယ်ဆေးထိုးမယ်၊ ကိုယ်ဝန်ဆောင်မိခင်ဆိုရင်လည်း စောင့်ရှောက်မှုပေးမယ်၊ အဟာရချို့ယွင်းရင် စောင့်ရှောက်ပေးမယ်၊ နောက် အရေးပေါ်အခြေအနေမှာဆိုရင် ဆေးခန်းဖွင့်ထားမယ်။ နောက်မောင်တော ဆေးရုံကိုလည်း အချိန်မီ လွှဲနိုင်အောင်လို့ လူနာတင်ယာဉ်တွေလည်း စီစဉ်ထားပါတယ်။"
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် လူဦးရေ ၇ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွ့ဲအစည်းတွေက ထုတ်ပြန်ထားပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့ထားတာဖြစ်ပါတယ်။