ဒုက္ခသည် ပြန်လက်ခံရေး နိုဝင်ဘာ ၁၅ ရက် စတင်မယ်လို့ လူကယ်ပြန်ဝန်ကြီး ပြော
2018.11.11
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်၊ ကြာသပတေးနေ့မှာ စတင်မယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အကြောင်းကြားထားတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
နှစ်နိုင်ငံ သဘောတူထားတဲ့အတိုင်း ပထမအသုတ်အဖြစ် လူဦးရေ ၂၂၅၁ ဦး စတင်ပြန်ပို့မှာဖြစ်ပြီး၊ အဲဒီနောက် တရက်ကို ၁၅၀ နှုန်း နဲ့ ပြန်လည်လက်ခံမယ်လို့ မြန်မာဘက်က ထုတ်ပြန်ထားပါတယ်။ ပြန်လာမယ့် ပထမ အသုတ်ကို ငါးခူရ ရေလမ်းကြောင်းကနေ ခေါ်ယူမှာဖြစ်ပြီး၊ နောက်ပိုင်း အသုတ်တွေကို ကုန်းလမ်းကနေလည်း ခေါ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်ရောက်လာသူတွေကို ပြန်လည်လက်ခံရေးစခန်းတွေမှာ နှစ်ရက်လောက်ထားမယ်လို့ သိရပါတယ်။ အဲဒီနောက် လှဖိုးခေါင်ကြားစခန်းမှာ ယာယီနေရာချထားမှာဖြစ်ပြီး၊ တစ်လစာ စားနပ်ရိက္ခာနဲ့ ပညာရေး၊ ကျန်းမာရေးပိုင်းဆိုင် ရာတွေကို အစိုးရက တာဝန်ယူမယ့်အပြင်၊ သတ်မှတ်ထားတဲ့နေရာ ၄၂ နေရာမှာ အိမ်တွေ ပြန်ဆောက်ရေးအတွက် ငွေကြေးအကူအညီပေးမယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ရန်ကုန်မြို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဦးစီးဌာနရုံးမှာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ပြန်ရောက်လာသူတွေကို နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ်ထုတ်ပေးမှာဖြစ်ပြီး၊ မောင်တောဒေသ အတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမှာဖြစ်ကြောင်း၊ နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မှာဖြစ်ကြောင်းလည်းပြောပါတယ်။ ဒါ့ပြင် ၂၀၁၉ ခုနှစ်မှာ Smart Card တွေ ထုတ်ပေးမှာဖြစ်ပြီး အဲဒီမှာ လူမျိုးအမည် ပါနိုင်ခြေနည်းတယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခသည်ပြန်ပို့ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး အဘူကာလမ် က အဲဒီ နိုဝင်ဘာ ၁၅ ရက် ကြာသပတေးနေ့မှာ ဒုက္ခသည်တွေ စတင်ပြန်ပို့မယ်လို့ သတ်မှတ်ထားတယ်ဆိုတာ သူ့အနေနဲ့ တိတိကျကျ မသိရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒါမှမဟုတ် အထက်အာဏာပိုင်တွေဆီက တစ်စုံတရာဆုံးဖြတ်ချက်လည်း မရရှိသေးကြောင်း ပြောဆိုတယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က AFP သတင်းကိုပြောဆိုရာမှာတော့- ဒုက္ခသည်ပြန်ပို့ရေး ကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ အမှန်တကယ်စတင်မှာလားဆိုတာ ဘင်္ဂလားဒေ့ရှ်ဘက်မှာ မူတည်နေကြောင်း၊ မြန်မာဘက်ကတော့ အသင့်အနေအထားမှာရှိနေပြီး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းမှာဖြစ်ကြောင်း၊ နှောင့်နှေး မှုမှန်သမျှဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ တာဝန်သာဖြစ်ကြောင်း ပြောဆိုကြောင်းပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ကူညီရေးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒုက္ခသည်တွေ လုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးအတွက် မြန်မာနိုင်ငံဘက်မှာ လုံလောက်တဲ့ အခြေအနေမရှိသေးကြောင်း ပြောဆိုကြပါတယ်။
ဒီအတွင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတချို့က မြန်မာပြည်ပြန်ပို့မယ့်စာရင်းထဲမှာ သူတို့ကိုယ်တိုင် ကြိုတင်မသိရှိဘဲ၊ သူတို့ရဲ့ဆန္ဒကို မမေးမြန်းဘဲ၊ သူတို့အမည်တွေပါဝင်နေကြောင်း၊ မြန်မာပြည်ဘက်ကို ပြန်မသွားရဲသေးကြောင်း ပြောဆိုကြကြတယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြပါတယ်။