ရိုဟင်ဂျာပြန်ခေါ်ရေး စစ်ကောင်စီရဲ့စီမံကိန်းမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း ကုလငြင်းဆို

ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေဟာ ဒုက္ခသည်တွေ စိတ်ချလက်ချနဲ့ ရေရှည်ပြန်နေလို့ရတဲ့ အနေအထားမဟုတ်သေးဘူးလို့လည်း စတီဗင်ဒူဂျာရက်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

၂ဝ၂၃ ခုနှစ် မတ်လ ၁၇ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ။ Photo: UN

ရိုဟင်ဂျာတွေနေရပ်ပြန်ရေးအတွက် မြန်မာစစ်ကောင်စီလုပ်နေတဲ့ ရှေ့ပြေးစီမံကိန်းမှာ ကုလသမဂ္ဂဘက်က ပါဝင်ပတ်သက်တာလုံးဝမရှိဘူးလို့ ကုလပြောရေးဆိုခွင့်ရှိသူ စတီဗင်ဒူဂျာရက် (Stephane Dujarric) က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ စီမံကိန်းမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ဌာနေကိုယ်စားလှယ် ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ရုံးတွင်းအီးလ်မေးတွေပေါက်ကြားလာတာနဲ့ ပတ်သက်လို့ အခုလို တုံ့ပြန်ပြောဆိုတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေဟာ ဒုက္ခသည်တွေ စိတ်ချလက်ချနဲ့ ရေရှည်ပြန်နေလို့ရတဲ့ အနေအထားမဟုတ်သေးဘူးလို့လည်း သူကပြောပါတယ်။

ဒုက္ခသည်တိုင်း ကိုယ့်နိုင်ငံကိုယ် ပြန်လို့ရတဲ့အခွင့်အရေး ရှိရမှာဖြစ်ပြီးတော့၊ ဘယ်ဒုက္ခသည်တစ်ဦးတစ်ယောက်ကိုမှ အတင်းပြန်လွှတ်တာမျိုး မဖြစ်ရဘူးလို့လည်း ဆိုပါတယ်။

လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Myanmar Accountability Project) က စစ်ကောင်စီ စီမံကိန်းနဲ့ပတ်သက်လို့ UNHCR မြန်မာဌာနေကိုယ်စားလှယ်ရဲ့ ဆက်သွယ်ပြောဆိုချက်တွေကို မနေ့က ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ပထမဆုံးစီမံကိန်းအဖြစ် ရိုဟင်ဂျာ တစ်ထောင်လောက်ကိုနေရပ်ပြန်ခေါ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒီအတွက် စစ်ကောင်စီကိုယ်စားလှယ်တွေဟာ ဒီသီတင်းပတ်အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

MAP အဖွဲ့ကတော့ ကုလသမဂ္ဂတာဝန်ရှိသူတွေဟာ စစ်ကောင်စီအဖွဲ့ကို သွားရေးလာရေးအတွက်ပါ အကူအညီပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org