နေရပ်ပြန်ရေး မဖြစ်နိုင်သေးကြောင်း ရိုဟင်ဂျာတွေပြော

ဇန်နဝါရီ ၁၉ ရက် မနေ့က ကျင်းပတဲ့ မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ တိုက်တွန်းလိုက်တာဖြစ်ပြီး ဒီရိုဟင်ဂျာဒုက္ခသည်တွေ ဒုတိယလ ၃ လပါတ်အတွင်း နေရပ်ပြန်ဖို့ကိုလည်း မြန်မာဘက်က သဘောတူညီခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကတော့ လတ်တလော နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

၂ဝ၂ဝ ဒီဇင်ဘာ ၂၉ ရက်နေ့က ကော့ဆက်ဘဇားဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့နေကြသော ရိုဟင်ဂျာဒုက္ခသည်များ။ Photo: AFP

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာလို့မရအောင် ခြိမ်းခြောက်တားဆီးနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို တားဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း က တိုက်တွန်းလိုက်ပါတယ်။ ဇန်နဝါရီ ၁၉ ရက် မနေ့က ကျင်းပတဲ့ မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ တိုက်တွန်းလိုက်တာဖြစ်ပြီး ဒီရိုဟင်ဂျာဒုက္ခသည်တွေ ဒုတိယလ ၃ လပါတ်အတွင်း နေရပ်ပြန်ဖို့ကိုလည်း မြန်မာဘက်က သဘောတူညီခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကတော့ လတ်တလော နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ ရိုဟင်ဂျာဒုက္ခသည် ပြန်လည် လက်ခံရေး အောင်မြင်ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေကို အမြန် အကောင်အထည်ဖော်ဖို့ ကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်ပြန်လည်လက်ခံ ရေး အတွက် အသင့်ပြင်ထားပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးမှာ နှစ်နိုင်ငံကြား သဘောတူညီချက်တွေကို လိုက်နာဖို့လိုကြောင်းလည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း၊ အင်တာနက်ဗီဒီယိုကနေတဆင့် ကျင်းပတဲ့ ၇၅ ကြိမ်မြောက် ကုလအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးမှာလည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံနေပြီး နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေကို ခြိမ်းခြောက်ဟန့်တားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ နေရပ်ပြန်လိုကြောင်း မြန်မာအစိုးရကို အကြောင်းကြားထားတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဘာသာဝင်တွေကိုလည်း စိစစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အမြန်ပြန်ပို့ပေးဖို့လည်း မြန်မာအစိုးရက တောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်ခါလီဒုက္ခသည်စခန်းက ကိုခင်မောင်က သူတို့အခုလတ်တလော ပြန်ဖို့က မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

“ပထမအနေနဲ့ ဒါကို ဘင်္ဂလားဒေ့ရှ်က ကြိုးစားနေတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျနော်တို့ထင်သလို ရလဒ်ထွက်မလာဘူး။ ကျနော်တို့ လတ်တလော ပြန်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဥပမာဆိုပါစို့ - NVC ဆိုတဲ့ နိုင်ငံသားစိစစ်ရေး လုပ်နေတာကို ကျနော်တို့ လုံးဝလက်မခံဘူး။ ကျနော်တို့ နိုင်ငံသားကိစ္စ၊ ကျနော်တို့ အတွက် လုံခြုံမှုရယ် ကျနော်တို့ ပိုင်ဆိုင်မှု၊ ကျနော်တို့ ကိုယ့်အိမ်ကိုယ် ပြန်နိုင်မလားဆိုတာ ခုထိတိတိကျကျမသိဘူး။ ဒီမှာလဲ ဒုက္ခသည်စခန်းမှာ နေရတာ အဲဒီမှာသွားပြီး စခန်းမှာနေရတာဆိုရင် မဖြစ်နိုင်ဘူး”

ရိုဟင်ဂျာဒုက္ခသည် ပြန်ပို့ရေးအတွက်၊ လျော်ကန်သင့်တော်တဲ့ အခင်းအကျင်းတရပ် ဖန်တီးပေးဖို့ ဘင်္ဂလားဒေ့ရှ်က မြန်မာကို တွန်းအားပေးနေသလို၊ ဒီကိစ္စကို ဒီနှစ် ဒုတိယလေးလပတ်အတွင်း စတင် နိုင်မယ်လို့ အကောင်းမြင်မျှော်လင့်ထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေဝန်‌ကြီး မိုမင်က ပြောပါတယ်။ ဒီအတွက် လာမယ့် ဖေဖော်ဝါရီလအတွင်း ပူးတွဲအလုပ်အဖွဲ့ ဆွေးနွေးပွဲ အပါအဝင် ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပွဲတွေကျင်းပပြီး ဖြေရှင်းကြမှာဖြစ်ကြောင်း၊ ဒုက္ခသည်ပြဿနာ ပြေလည်ရေးအတွက် သတိနဲ့ အကောင်းမြင်ပါကြောင်းလည်း မိုမင် က ပြောပါတယ်။

ဒုက္ခသည်ပြဿနာနဲ့ပတ်သက်ပြီး ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း BROUK အဖွဲ့က ဦးထွန်းခင်ကလည်း အခုလို ဆိုပါတယ်။

“အစည်းအဝေး ဆွေးနွေးပွဲမှာ ရိုဟင်ဂျာအရေးဆွေးနွေးတဲ့အခါမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တွေကို သူတို့မဖိတ်ဘူး။ ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တွေ ပါကိုပါရမယ် အဲဒါ အရေးကြီးတယ်။ နောက်တခုက အရေးကြီးတာက ကျနော်တို့ဆီက သိမ်းထားတဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပြန်လည်ပေးရမယ်။ ကျနော်တို့ မူရင်းဒေသတွေ၊ လာခဲ့တဲ့ ကျေးရွာမြို့တွေမှာ ပြန်လည် နေရာချထားပေးဖို့ လိုအပ်မယ်။ ကျနော်တို့ နေအိမ်တွေကို စစ်တပ်က မီးရှို့ထားတဲ့အပေါ်မှာ ဒီအိမ်တွေကို ပြန်ဆောက်ပေးဖို့လိုတယ်။ မဟုတ်ရင် ဘယ်မှာသွားနေမလဲ။ ဘယ်လိုနည်းနဲ့မှ အမိုးဖွင့် စခန်းကျဉ်းထဲမှာ သွားမနေနိုင်ဘူး။ နောက်ပြီး သွားလာခွင့်တွေ ပိတ်ပင်ထားတယ်။ ကျောင်းတက်ခွင့် အဲလိုကန့်သတ်မှုတွေ အများကြီး ရှိတာတွေ အကုန်လုံးကို ရပ်တန့်ပြီးတော့မှ အဲဒါတွေ မြန်မာအစိုးရက ကတိပေးမှ မြန်မာအစိုးရက အခွင့်အရေးတွေပေးမှ ကျနော်တို့ သွားနိုင်မှာ ဖြစ်ပါတယ်”

သုံးနိုင်ငံ အွန်လိုင်းအစည်းအဝေးမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်က ဒီနှစ် ပထမသုံးလအတွင်း ပြန်ပို့ချင်ပေမယ့် မြန်မာကတော့ ပြင်ဆင်စရာတွေရှိလို့ အချိန်ပိုလိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါဆို ဒုတိယသုံးလအတွင်း ပြန်ပို့နိုင်မလားလို့ ဘင်္ဂလားဒေ့ရှ်က မေးမြန်းရာမှာ မြန်မာဘက်က သဘောတူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်‌ကြီးချုပ် မိုမင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ပြန်ပို့ရမယ့် ဒုက္ခသည် ရှစ်သိန်းလေးသောင်းရဲ့ စာရင်းကို စစ်ဆေးနိုင်ဖို့ မြန်မာအစိုးရထံ ပေးပို့ထားကြောင်း၊ ဒါပေမဲ့ မြန်မာဘက်စစ်ဆေးမှုတွေ နှေးကွေးလွန်းနေပြီး၊ အခုထိ စစ်ဆေးပြီးသူ အရေအတွက် လေးသောင်းနှစ်ထောင်လောက်သာ ရှိနေလို့၊ ငါးရာခိုင်နှုန်းလောက်သာ ရှိနေသေးကြောင်း၊ မိုမင်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်ပြဿနာ ပြေလည်ရေးအတွက် နှစ်ပွင့်ဆိုင်၊ သုံးပွင့်ဆိုင်၊ နိုင်ငံအများဆိုင် အပြင်၊ တရားဥပဒေကြောင်း အပါအဝင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ ကြိုးစားနေဆဲ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

ဒုက္ခသည်ပြန်ပို့ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ၂၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသလို အဲဒီနောက်ပိုင်း လက်တွေ့ဆောင်ရွက်ရေး အစီအစဉ်တွေလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၁၈ နိုဝင်ဘာနဲ့ ၂၀၁၉ ဩဂုတ်လ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေ မအောင်မြင်ခဲ့ပါဘူး။ မြန်မာအစိုးရအပေါ်  ရိုဟင်ဂျာတွေရဲ့ မယုံကြည်မှုကြောင့်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေက ဖော်ပြကြပါတယ်။ ဒီပြဿနာကို တရုတ်က သုံးပွင့်ဆိုင်အဖြစ် ကြားဝင် စေ့စပ်ဆွေးနွေးပေးဖို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလက ကုလသမဂ္ဂမှာ အဆိုပြုခဲ့ပေမယ့် ကိုရိုနာ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပွားလာခဲ့တာကြောင့် အခုထိ ဆွေးနွေးမှုတွေ မဆောင်ရွက်နိုင်ဘဲ ဖြစ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org