ရိုဟင်ဂျာ ၅၆၉ ယောက် ပင်လယ်ပြင်မှာ သေဆုံး၊ ပျောက်ဆုံးခဲ့ကြောင်း UNHCR ထုတ်ပြန်
၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ စွန့်စားထွက်ခွာရင်း သေဆုံး၊ ပျောက်ဆုံးရတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၅၆၉ ယောက် ရှိတယ်လို့ UNHCR က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-01-23 -
-
-
၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ စွန့်စားထွက်ခွာရင်း သေဆုံး၊ ပျောက်ဆုံးရတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၅၆၉ ယောက် ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်ကို ဖြတ်သန်းခရီးသွားချိန်မှာ သေဆုံး၊ ပျောက်ဆုံးရတာဖြစ်ပြီး ဒီအရေအတွက်ဟာ ၂ဝ၁၄ ခုနှစ်က သေဆုံးသူ အရေအတွက်ပြီးရင် အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်က သေဆုံး၊ ပျောက်ဆုံးသူ ၇၃၀ အထိရှိခဲ့တာပါ။
ပင်လယ်ပြင်ခရီးကြမ်းကို စွန့်စားထွက်ခွာလာကြသူတွေထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပြီး ၆၆ ရာခိုင်နှုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလထဲမှာတင် ရိုဟင်ဂျာ အယောက် ၂ဝဝ ကျော် ပင်လယ်ပြင်မှာ စက်လှေနစ်မြုပ်ပြီး သေဆုံးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။
အကူအညီလိုအပ်နေတဲ့ ရိုဟင်ဂျာတွေကို အချိန်မီ မကယ်တင်တာ၊ ကမ်းကပ်ခွင့် မရတာတွေကြောင့် ကမ်းရိုးတန်းနိုင်ငံတွေရဲ့ မျက်စိရှေ့မှာတင် သေလုမျောပါးအခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် ကမ်းရိုးတန်းနိုင်ငံတွေက ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့လည်း UNHCR က တောင်းဆိုထားပါတယ်။
ပင်လယ်ပြင်မှာ ဒုက္ခရောက်နေသူတွေကို ကယ်တင်တာဟာ လူသားချင်းစာနာထောက်ထားမှုမှာ အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး နိုင်ငံတကာရေကြောင်းဥပဒေအရလည်း နှစ်ရှည်လများ ရှိခဲ့တဲ့ တာဝန်တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းထဲက စားဝတ်နေရေး ကျပ်တည်းတာ၊ ဒုစရိုက်မှုတွေကြား အသက်အန္တရာယ် စိုးရိမ်ရတာတွေကြောင့် ဘဝသစ်ရှာဖို့ ပင်လယ်ခရီးကို စွန့်စားထွက်ခွာလာကြတာ ဖြစ်ပါတယ်။