ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာ အခေါ်အဝေါ် လက်မခံကြောင်း မြန်မာ ဒုဝန်ကြီး ပြော
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သတင်းမီဒီ ယာတွေက သုံးစွဲနေတဲ့ ရိုဟင်ဂျာ ဆိုတဲ့အခေါ်အဝေါ် ကို မြန်မာအစိုးရအနေနဲ့ လက်မခံကြောင်းနဲ့ ဒီအခေါ်အဝေါ် နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကိုလည်း လက်မခံကြောင်း အကြိမ်ကြိမ်ပြောထားသလို ဒီအသုံးအနှုန်းနဲ့ ပတ်သက် လို့ ငြင်းခုန်မှုတွေ ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးသန့်ကျော်က ဒီနေ့ ပြော ပါတယ်။
-
2014-11-13 -
-
-
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေက သုံးစွဲနေတဲ့ ရိုဟင်ဂျာ ဆိုတဲ့အခေါ်အဝေါ်ကို မြန်မာ အစိုးရအနေနဲ့ လက်မခံကြောင်းနဲ့ ဒီအခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကိုလည်း လက်မခံကြောင်း အကြိမ်ကြိမ်ပြောထားသလို ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ ငြင်းခုန်မှုတွေ ဆက်လက်ရှိနေဦး မှာဖြစ်ကြောင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးသန့်ကျော်က ဒီနေ့ ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနဟာ သတင်းမီဒီယာတွေနဲ့ ကင်းကွာနေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို သတင်းစာရှင်း လင်းပွဲ ကျင်းပခဲ့တာလို့ သိရပါတယ်။
အဲ့ဒီရှင်းလင်းပွဲမှာ သတင်းသမားတစ်ဦးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း ခေါ်ဝေါ်သုံးနှုန်းခဲ့တာနဲ့ ပတ်သက်ပြီး မနေ့က ပြောဆိုသွားတဲ့အပေါ် ဘယ်လိုသဘောထားရှိပါ သလဲလို့ မေးမြန်းရာမှာ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးသန့်ကျော်က လက်မခံကြောင်း ပြောလိုက်ပါတယ်။
"ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း သုံးလာတဲ့အပေါ်မှာ ကျနော်တို့က ကုလသမဂ္ဂကိုလည်း အကြိမ်ကြိမ်ရှင်းတယ်၊ အိမ်နီးချင်းနိုင်ငံတွေကိုလည်းရှင်းတယ်၊ ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း ရှင်းပြတယ်၊ ကျနော်တို့က ကြိုးစားပြီးတော့ ဒီကိစ္စကိုရှင်းတယ်၊ အသုံးအနှုန်းကိစ္စကတော့ ကျနော်တို့နဲ့ ကုလသမဂ္ဂ၊ ကျနော်တို့နဲ့ နိုင်ငံတကာ မီဒီယာအဖွဲ့တွေကြားထဲမှာ ဆက်ပြီးတော့အပြန်အလှန် ငြင်းကြခုန်ကြပေါ့လေ"
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂအနေနဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းတာဟာ လူနည်းစုအခွင့်အရေး ကို အသိအမှတ်ပြုတာဖြစ်ကြောင်း မနေ့ညနေက သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် အစိုးရဟာ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသူတွေကို စိစစ်ပေးနေပြီဖြစ်ကြောင်းနဲ့ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်သူတိုင်းကို ဖြစ်ခွင့်ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုလည်း ဆက်လက်ပေးသွားဖို့ မစ္စတာဘန်ကီမွန်းက မနေ့က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။