သတင်းထောက်နှစ်ဦးကိုလွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင်းဆို

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ငါးဆယ်ကျော်က ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသား တောင်းဆိုလိုက်ပါတယ်။

သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးကို ပြန်လွှတ်ပေးရန် လန်ဒန်မြို့ မြန်မာသံရုံးရှေ့တွင် ၂ဝ၁၈ စက်တင်ဘာလ ၂၇ နေ့က ဆန္ဒပြတောင်းဆိုကြစဉ်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF အပါအဝင် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းပေါင်း ငါးဆယ်ကျော်က မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသား တောင်းဆိုလိုက်ကြပါတယ်။

အမှုစစ်ဆေးစဉ်တလျောက်လုံး နှစ်ဘက်ထွက်ဆိုချက်တွေဟာ သတင်းထောက်တွေအနေနဲ့ ဘယ်လို နိုင်ငံတော်လျှို့ဝှက်ချက်မျိုးကိုမှ ပေါက်ကြားအောင်ကျူးလွန်ခဲ့တာ မတွေ့ရကြောင်း အဲဒီပေးစာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံနေရတဲ့ သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားသေလွှတ်ပေးဖို့ တနင်္လာနေ့က ရန်ကုန်တိုင်းတရားလွှတ်တော်မှာ အယူခံတင်သွင်းလိုက်ပါတယ်။

သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က... အယူခံတရားရုံးအနေနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးရဲ့ စီရင်ချက်တွေမှာ အားနည်းချို့ယွင်းချက်တွေ အတော်များများ တွေ့ရှိမှာဖြစ်လို့ အမှုနဲ့စီရင်ချက်ကို တိုင်းတရားလွှတ်တော်က ပြန်လည်သုံးသပ်ပြီး အမိန့် တစုံတရာ ချမှတ်မယ်ဆိုရင် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် ရလဒ်ကောင်းတွေ ရလာနိုင်တယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ရိုက်တာသတင်းဌာနအကြီးအကဲ စတီဖင်အက်ဒလာကလည်း... တရားရုံးအနေနဲ့ ရဲတပ်ဖွဲ့က တမင်ဆင်ထားတဲ့ အထောက်အထားတွေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ချိုးဖောက်မှုတွေ၊ ရာဇဝတ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အထောက်အထား မပြနိုင်တာတွေကို လစ်လျူရှုပြီး ပြစ်ဒဏ်ချလိုက်တာဖြစ်ကြောင်း၊ သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ကြွေးကြော်ထားတဲ့ “တရားဥပဒေစိုးမိုးရေး၊ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ” ကို ဖော်ဆောင်ဖို့ အချိန်ကျပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ဗီယက်နမ်နိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့စဉ်အတွင်း၊ သတင်းထောက်နှစ်ဦးအမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က... “သူတို့ကို သတင်းထောက်တွေဖြစ်လို့ ထောင်ချတာမဟုတ်ပါဘူး၊ လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်တယ်လို့ တရားရုံးက ဆုံးဖြြတ်ပီး ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်၊  ဒီတော့ တရားဥပဒေစိုးမိုးရေးကို ကျမတို့ ယုံကြည်တယ်ဆိုရင် သတင်းထောက်တွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခွင့်ရှိပါတယ်၊ တရားရုံးဆုံးဖြတ်ချက် မှားတယ်ဆိုရင် ဘာကြောင့်မှားတယ်ဆိုတာ ထောက်ပြခွင့်ရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေရဲ့ လုံခြုံရေးတွေနဲ့ ပတ်သက်တဲ့ စာရင်းတွေ လက်ဝယ်တွေ့ရှိခဲ့တယ် ဆိုတဲ့စွဲချက်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊  စက်တင်ဘာလ ၃ ရက်နေ့မှာ မြောက်ပိုင်းခရိုင်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ် စီ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org